Thursday, September 25, 2008

DVB interview 02

ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း ၂
ခင်မောင်စိုး
၂၄ စက်တင်ဘာ ၂ဝဝ၈
အကျဉ်းထောင်ထဲမှာ ၁၉ နှစ်ကျော် အကျဉ်းကျခဲ့ပြီး ၂ဝဝ၈ စက်တင်ဘာ ၂၃ ရက် ညနေမှာ လွတ်မြောက် လာတဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းကို ဆက်လက်တင်ပြပါမယ်။

တပ်မတော်ကနေပြီးတော့ ရွေးကောက်ပွဲ မဝင်ဘဲနဲ့ အလိုအလျောက် လွှတ်တော်ထဲ ရောက်လာမယ့် ပုံစံမျိုးကို ဆရာလက်မခံနိုင်ဘူးလို့ ပြောတာပေါ့နော်။

“ဒါပေါ့။ လက်မခံဘူးပေါ့။ အဲဒါပြောတာပေါ့ - ဒါ ပြည်သူရဲ့ ဆန္ဒအထက်ကနေ နေတဲ့ဟာ။ ဝင်ခဲ့ပါ၊ တပ်မတော်ကနေ ထွက်ခဲ့ပါ။ ပါတီတွေမှာ ဝင်လုပ်ပါ။ ရွေးကောက်ပွဲဝင်ကြပါ။ လွှတ်တော်ထဲကို ဝင်ကြပါ။ သမ္မတကြီးပဲလုပ်လုပ်၊ ဝန်ကြီးချုပ်ပဲလုပ်လုပ်၊ လုပ်ချင်တာလုပ်ပါ။”

ပြီးခဲ့တဲ့မေလမှာ အခြေခံဥပဒေကို အတင်းအတည်ပြုသွားပြီ။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲဝင်ကြဖို့ သူတို့ကလည်း ဆော်သြနေကြတာ။ အခုတလောမှာ ဂယက်ရိုက်တာကတော့ အစိုးရက လုပ်တဲ့အတိုင်းပဲ ရွေးချယ် စရာရှိတယ်၊ တခြားလမ်း ရွေးချယ်စရာ မရှိဘူးပေါ့။ အခြေခံဥပဒေကနေ ပြဌာန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကြီးဝင်ဖို့အတွက် လုပ်ရမယ်။ အဲဒီမှာ ကွင်းအသစ်တို့၊ ကစားသမားအသစ်တို့နဲ့ ကျနော်တို့ ဖြစ်လာမယ်။ အဲဒါကြောင့် အဲဒီကနေ ရလဒ်ထွက်လာရင် နိုင်ငံရေးအသစ် ဖြစ်လာမယ်ဆိုတာမျိုး ဆရာ မောင်စူးစမ်းတို့က ဆောင်းပါးတွေ ရေးတာရှိတယ်။ ဆရာ့အနေနဲ့ကော အဲဒီလို ရွေးကောက်ပွဲ အသစ် ဖြစ်လာလို့ရှိရင် ဗမာနိုင်ငံရေးရဲ့ အပြောင်းအလဲမှာ နိုင်ငံရေး အသစ်တွေ ဖြစ်လာပြီးတော့ ပိုမိုကောင်း မွန်လာမယ်လို့ရော မယူဆနိုင်ဘူးလား ဆရာ။
“မယူဆဘူးခင်ဗျ။ မယူဆဘူးဆိုတာ ရွေးကောက်ပွဲဆိုတာ အခြေခံမဟုတ်ဘဲကို။ ရွေးကောက်ပွဲဝင်ခြင်း ဆိုတာ အခြေခံမဟုတ်ဘူး။ ရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်ဆိုတာ အခြေခံမဟုတ်ဘူး။ အခြေခံက ရွေးကောက်ပွဲဆိုတဲ့ဟာက ဘယ်လိုပုံစံနဲ့ပေါ်လာတဲ့ ရွေးကောက်ပွဲလဲ။ ဘယ်လို အခြေခံတွေနဲ့၊ ဘယ်လို ပတ်ဝန်းကျင်တွေနဲ့၊ ဘယ်လို စည်းကမ်းတွေနဲ့၊ ဘယ်လို စည်းမျဉ်းတွေနဲ့ လုပ်နေတယ်ဆိုတဲ့ နဂိုက အနှစ်သာရက လွဲနေရင် ရွေးကောက်ပွဲက ထွက်လာရင် ကွန်စတီကျူးရှင်း (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ) ကနေ ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဆိုတာလည်း ဒီ ကွန်စတီကျူးရှင်းမှာ ကျနော်တို့ လက်မခံနိုင်ရင် ထွက်လာမယ့် ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းဆိုတာလည်း ကျနော်တို့ လက်မခံနိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီ စည်းမျဉ်း စည်းကမ်းကလည်း အမိန့်ပေးတာအတိုင်း၊ ခိုင်းတာအတိုင်း လုပ်ရမယ့် ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းပဲ ဖြစ်တယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းထဲကို တခါ အမိန့်ပေးတဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း ဝင်တယ်ဆိုတာလည်း ဝင်လို့ရှိရင် ဝင်တာပဲရှိမယ်။ ထွက်လာတဲ့ ကိုယ်စားလှယ်ဆိုတာလည်း လမ်းညွှန်တဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း ဒါပဲလုပ်ရတဲ့ဟာပဲဖြစ်မှာ။ အဲဒါကို ကျနော်က ဒီ ပရောဆက်(စ်) (လုပ်ငန်းစဉ်)ကြီး တခုလုံးကို လက်မခံနိုင်ဘူး။

ဒါနဲ့ပတ်သက်လို့ကတော့ ကျနော်က အသေးစိတ်တော့ သိပ်မပြောချင်ဘူးဗျ။ ကျနော်တို့သိပ်ပြီးတော့ ကျနော်တို့ရဲ့ အတ္တနောမတိတွေ သိပ်များသွားတယ်ဆိုလို့ရှိရင် ကျန်တဲ့ပုဂ္ဂိုလ်များကလည်း ဟိုဒင်း ဖြစ်မှာ စိုးတယ်ပေါ့။ သို့သော် အဲဒီပေါ်မှာတည်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတဲ့ အသံလေး ထွက်လာတဲ့အခါမှာ ဝိုင်းပြီးတော့ ‘ကောင်းတယ်’တို့ အော်တဲ့ဟာတွေကို လက်မခံနိုင်ဘူး။ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ ရွေးကောက်ပွဲကို အပြစ်မတင်ဘူး။ ရွေးကောက်ပွဲ ပစ်ပယ်လို့ ဘယ်လိုလုပ်ရမလဲ။ ဒီမိုကရေစီလုပ်တာ ရွေးကောက်ပွဲပစ်ပယ်ရင် ဒီမိုကရေစီ ဘယ်လိုလုပ်မလဲ။ ရွေးကောက်ပွဲ ရှိရမှာပေါ့။ သို့သော် ရွေးကောက်ပွဲဆိုတာ ဘယ်လိုရွေးကောက်ပွဲလဲ။ ဒါကို ကျနော်တို့ပြောတာ။ ရွေးကောက်ပွဲရှိမှတော့ ပါတီတွေ ဝင်ပြီးတော့ပြိုင်ရမှာပေါ့။ ကောင်းပြီ၊၊ ဘယ်လိုရွေးကောက်ပွဲ ဝင်ပြိုင်တာလဲ။ ပါတီတွေကနေ လူထုတွေက ရွေးကောက်တင် မြှောက်လိုက်တဲ့အခါကျတော့လည်း ထွက်လာတဲ့ ကိုယ်စားလှယ်များဆိုတာလည်း ဒါလည်း ဘယ်လို ရွေးကောက်ပွဲမှာ ဘယ်လို ဝင်ကြတာလဲဆိုတာတွေ မေးစရာမေးခွန်းတွေက ဆက်ဆက်၊ ဆက်ဆက်ပြီးတော့ ပေါ်လာတော့မှာ။

ဒီအခြေခံတခုလုံးကို ပြန်စဉ်းစားပါ။ ဒီအခြေခံတွေကို စဉ်းစားနိုင်အောင် ဆိုလို့ရှိရင်တော့ ကျနော်တို့ စကားပြောဖို့ လိုတယ်ဗျာ၊ စကားပြောဖို့လိုတယ်။ အခု ဒီအတောအတွင်းမှာတော့ တချို့ပုဂ္ဂိုလ်များကနေပြီးတော့ ဒိုင်ယာလော့ဆိုတာ အဆင်တန်ဆာလိုဟာမျိုးလို့ ပြောနေတော့ ကျနော်တို့ ဒါကို လက်မခံနိုင်ဘူး။ ဒါ ကျနော်သိပ်ပြီးတော့ အသေးစိတ် မသိသေးပါဘူး။ သတင်းစာတွေကနေ ပြန်ပြီးတော့ထည့်တဲ့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ အဲဒါထက် စောပြီးတော့ ဆောင်းပါးတပုဒ် ဖတ်ရတယ်၊၊ ဂျာနယ်ထဲမှာပါတယ်။ အဲဒီတုန်းကတည်းက ကျနော် ပြောတယ်။ ‘ဒီလိုတော့ မဟုတ်ဘူးလို့ ထင်တယ်’ လို့။ ဘာလို့လဲဆိုတော့ ဒါဟာ အဆင်တန်ဆာ မဟုတ်ဘူး ခင်ဗျာ။ ပြောရမယ့်ဟာတွေ ရှိတယ်။ ရွေးကောက်ပွဲကြီးတခုလုံးကို ရွေးကောက်ပွဲကို ပြောမယ်ဆိုရင် ဟို ဇစ်မြစ်ကို လိုက်ပြီးလို့ရှိရင် အန်စီ (national convention) (အမျိုးသားညီလာခံ) ကြီး တခုလုံးကို ပြောရလိမ့်မယ်။ အန်စီတခုလုံး ပြောပြီးရင် ကွန်စတီကျူးရှင်းကို ပြောရမယ်။ ကွန်စတီကျူးရှင်းပြီးရင် ရွေးကောက်ပွဲ ဥပဒေကို ပြောရမယ်။ ရွေးကောက်ပွဲဥပဒေထဲကနေ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကနေ ထွက်လာမယ့် လွှတ်တော်၊ ဒီလို အဆင့် ဆင့် သွားမယ့်ဟာတခုလုံးကို ကြည့်နေတဲ့အချိန်မှာ အဲဒါတွေကို မကြေလည်တာတွေ အများကြီးရှိတယ်။ မမှန်တာတွေရှိတယ်။ မဟုတ်တာတွေ ရှိတယ်။ မကောင်းတာတွေရှိတယ်။ ဒါ ကျနော်တို့ ခင်ဗျားတို့ပြောတာကို ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်။ ဒါကို ကျနော် ဘာမှ အငြင်း မပွားပါဘူး။

သို့သော် ပြောစရာတွေ အများကြီးရှိတယ်ဆိုတာကတော့ ဒါ ငြင်းလို့မရဘူး။ ပြောစရာတွေ အများကြီးရှိတယ်။ ဒါ သေချာနေတာပဲ။ ဒါတွေ အကုန်လုံးဟာ နိုင်ငံရေးပါတီတွေ၊ အပြင်မှာရှိတဲ့ လူပုဂ္ဂိုလ် တွေ၊ အသံတွေ နားထောင်ကြည့်ရင် သိပါတယ်။ ဥပမာ၊ အန်စီနဲ့ပတ်သက်လို့ ဘီဘီစီကနေပြီးတော့ ကိုယ်စားလှယ်တယောက်နဲ့တွေ့တယ်။ ကိုယ် စားလှယ်တယောက်ကို
‘ခင်ဗျားတို့ပြောရတာ ကောင်းရဲ့လား၊ လွတ်လွတ်လပ်လပ် ပြောနိုင်ရဲ့လား။’
‘ရပါတယ်။’
‘ဒါဖြင့်ရင် ဘယ်လိုပြောလဲ။’
‘သူတို့ကနေ ဒါချပေးလိုက်ရင် ကျနော်တို့က ဒါတွေပြီးပြီဆိုလို့ ရှိရင်လည်း ပြီးတာပဲ’ လို့ ပြောတယ်။
ကိုင်း၊ တိုင်းရင်းသားကိုယ်စားလှယ်တဦးကနေ ပြောတဲ့ဟာ။ ကျနော့်ကိုခွင့်လွှတ်ပါ၊ ကျနော် မမှတ်မိတော့ဘူး။ ဘီဘီစီနဲ့ အင်တာဗျူးလုပ်တဲ့ဟာ၊ ဒါ အစိုးရသတင်းစာထဲမှာ ပါတဲ့ဟာနော်။ အဲဒီမှာ ပြောဖူးပါတယ်။ ကိုယ်စားလှယ်တဦးက။ အဲဒါကြောင့် ကျနော်က တခုလုံးက အခြေခံက လွဲနေတယ်။ ဒါ ကျနော်တို့ ထင်တဲ့ဟာ၊ ကျနော့်အထင်ချည်းပဲ ကျနော်ပြောတာမဟုတ်ဘူး။ လူတော်တော်များများက ထင်တယ်။ အန်စီထဲမှာရှိတဲ့ လူတွေကတောင်မှ အဲလိုထင်တယ်ဆိုရင် ဒီအန်စီကို ကျနော်တို့ သုံးသပ်သင့်တယ်။ ကောင်းပြီ၊ သုံးသပ်သင့်တယ် ဆိုလို့ရှိရင် ကျနော်တို့ တဖက်သတ် အပြင်ကနေပြီး ‘မကြိုက်ဘူး၊ မကောင်းဘူး’ ချည်းပဲ ပြောနေရုံနဲ့ဆိုရင်တော့လည်း မဖြစ်ဘူး။ အဲဒီတော့ ဘာလုပ်မလဲ။ လူကြီးတွေလို၊ တိုင်းရေးပြည်ရေးတွေကို လုပ်သလို ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ ဒိုင်ယာလော့ လုပ်ရမယ်။ အဲဒီ ဒိုင်ယာလော့က ပြောချင်တာပြောပါ၊ အဆင်တန်ဆာပဲ ပြောပြော ဘာပြောပြော၊ ရပါတယ်။ ကျနော်ကတော့ အဲဒီလို လက်မခံနိုင်ဘူး။ ဒိုင်ယာလော့က လိုအပ်ချက်ပဲ။ လိုကို လိုအပ်ချက်ပဲ။ ထပ်ကိုပြောရဦးမယ့်ဟာလို့ ဒီလို သဘောထားပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ကျနော်တို့ အစဉ်တစိုက်လုပ်ခဲ့တာပေါ့ ဆရာ။ ဒါ အန်အယ်ဒီကရော၊ ဆရာတို့ရော ဒေါ်စုဦးဆောင်တဲ့ဘက်ကပေါ့လေ။ တွေ့ဆုံဆွေးနွေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ပေမယ့်လို့ ဒီ တွေ့ဆုံဆွေးနွေးရေးက ဒီနေ့ ဘာမှဖြစ်မလာဘူး။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့အတွက် ဆိုလို့ရှိရင် ဘယ်လို အကြောင်းရင်းတွေ လိုအပ်မလဲ ဆရာ။
အဲဒါကတော့ အခုနကပြောသလို ကျန်တဲ့ဟာတွေကတော့ အများကြီးရှိမယ်ဗျာ။ ကျန်တဲ့ဟာတွေကို ထား။ ဒီတွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ဆိုလို့ရှိရင် ပထမဦးဆုံးအနေနဲ့တော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ချင်တယ်ဆိုတဲ့ သဘောထား၊ သို့မဟုတ်လည်း ဗမာပြည်မှာ ဒီနေ့ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာ၊ political solution ပေါ့ဗျာ နိုင်ငံရေးဖြေရှင်းမှုတခုကို ကျနော်တို့ ဒီမိုကရေစီသမားများပီပီ ဒီမိုကရေစီကို လိုလားတဲ့၊ ဒီမိုကရေစီကို ရှေးရှုတဲ့၊ ဒီမိုကရေစီကို ဦးတည်တဲ့လူများပီပီ တွေ့ဆုံဆွေးနွေးပြီးတော့ လုပ်ရမှာပဲ။

ပထမဦးဆုံးလိုအပ်ချက်ကတော့ ဒီမိုကရေစီကို ဒီမိုကရေစီနည်းကျ၊ ဖြစ်နေတဲ့ပြဿနာတွေကို ဒီမိုကရေစီ ပေါ်ပေါက်စေချင်တယ် ဆိုတဲ့ဆန္ဒနဲ့ တွေ့ဆုံဆွေးနွေးဖို့ပဲ ဖြစ်တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ အလိုအပ်ဆုံးက လိုအင်ဆန္ဒ။ ဒီမိုကရေစီကျတဲ့၊ ဒီမိုကရေစီကို လိုလားတဲ့ လိုအင်ဆန္ဒနဲ့ လုပ်တဲ့ကိုင်တဲ့နေရာမှာ ဒီမိုကရေစီနည်းကျလုပ်ဖို့၊၊ ဒါနှစ်ခုပဲ ကျနော်အဓိက ပြောချင်တယ်။ ကျန်တဲ့အသေးစိတ်တွေကတော့ အများကြီး ပြောစရာရှိမှာပေါ့။”

၉ဝ ခုနှစ်ရလဒ်ဟာ အခုဆိုရင် အနှစ် ၂ဝ နီးပါး ရှိပြီဖြစ်တဲ့ အတွက်ကြောင့် ဒါဟာ ကြာသွားပြီ၊ တရား မဝင်တော့သလောက် ဖြစ်နေပြီ” ဆိုပြီး အစိုးရကလည်း ပြောနေတယ် ဆရာ။ အဲဒါကြောင့် သူတို့က “ရွေးကောက်ပွဲအသစ်ကို လုပ်ရမယ်၊ ၉ဝ ခုနှစ်ရလဒ်ကို အန်အယ်လ်ဒီက စွန့်လွှတ်ပါ” ဆိုတာမျိုး ပြောနေတဲ့ အပေါ်မှာကော ဆရာ ဘယ်လိုသုံးသပ်မလဲ။
တဖက်သတ်လို ပြောတဲ့ဟာကတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ပြည်သူ့မန်းဒိတ်(အများ ထောက်ခံ မှုအရ ရရှိသော လုပ်ပိုင်ခွင့်၊ အာဏာ) က ဥပမာ၊ အမေရိကန် ကွန်စတီကျူးရှင်းက နှစ်ပေါင်း ၂ဝဝ ကျော်သွားပြီဗျာ။ အမေရိကန် ကွန်စတီကျူးရှင်းကို ‘ဟိုတုန်းကလူတွေက ရွေးချယ်ထားတာပဲ၊ ပြီးသွားပြီ’ ဆိုလို့ ပြောလို့မရဘူးဗျ၊ ပြောလို့မရဘူး။ ကဲ၊ ‘အမေရိကန်ကွန်စတီကျူးရှင်းကို အလကားပါပဲ၊ တရား မဝင်ပါဘူး၊ ပြည်သူ့ မန်းဒိတ်လည်း မရှိတော့ပါဘူး’ လို့ ခင်ဗျားတို့ ပြောမလား။ ဘယ်ပြောမလဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ တခါပေးတာနဲ့ပဲ ပြီးသွားတဲ့ဟာ နောက်ထပ်လုပ်ရမယ် အဲဒါဆိုရင် လေးနှစ်တခါ ကွန်စတီကျူးရှင်းကို ပြန်ပြီးတော့ လုပ်ရမှာလား။

အလားတူပဲ၊ လွှတ်တော်တခုကို လုပ်ရမယ့်ဟာ ပေးထားပြီးပြီဆိုရင် ဒီလွှတ်တော်က သုံးရလိမ့်မယ်။ ခွင့်ပြုရလိမ့်မယ်။ ပြီးမှသာ အဲဒီလွှတ်တော်ကနေပြီးတော့ ပေါ်လာတဲ့ ဒီမိုကရေစီအရသာ နောက်ထပ် ရွေးကောက်ပွဲတွေ ရွေးကောက်ပွဲတွေ ဆက်ပြီးတော့ လုပ်သွားရုံပဲရှိတယ်။ ဒါပေမယ့် ဒီ ပထမဆုံး ပေးထားတဲ့ မန်းဒိတ်ကတော့ မပျောက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ပေးထားတဲ့ဟာက အသက်ဗျ။ ဒါနဲ့ အသက်ရှင်ရတာ။ ဒီအသက်ရှင်ရတဲ့ မန်းဒိတ်ကို ခင်ဗျားတို့ အကုန်လုံး ဘာမှ အသုံးမကျတော့ဘူး၊ ဘာမှမလိုတော့ဘူးလို့ ပြောတာကို လက်ခံရင် ဘယ်လိုမှ ဒီလိုဟာမျိုးကို လက်မခံနိုင်ဘူး။ ဒီ မန်းဒိတ်က ရှိနေတုန်းပဲ။ အဲ၊ တခုရှိတယ်။

ကျနော် တချို့ဟာတွေကတော့ ကျနော့်ရဲ့ သဘောထားတွေ။ ကျနော် တချို့ဟာတွေမှာ အန်အယ်လ်ဒီ ဂိုက်(ဒ်) (လမ်းညွှန်ချက်) ဆွဲပေးတဲ့ လိုင်းကို လိုက်ရမှာပဲ။ ဒီနေ့ အန်အယ်လ်ဒီဟာ မှန်နေတယ်။ အန်အယ်လ်ဒီတော့ ဘယ်လိုဟာတွေ ဘယ်လိုရှိတယ် ဆိုတာတော့ မသိသေးဘူး။ ကျနော့်သဘောအရ ကျနော် ပြောရမယ်ဆိုရင်တော့ ဒီမန်းဒိတ်က ရှိနေတုန်းပဲဗျ။ ဒါအတွက် ကျနော် တို့ လုပ်ရမယ်။ အဲ- တခုရှိတယ်၊ ခင်ဗျားတို့က ဒါလုပ်တာ အာဏာအတွက်လား ဘာညာ၊၊ အဲဒါမျိုးဆိုရင်တော့ ဒီလို တဖက်သတ် စွပ်စွဲချက်တွေကိုတော့ ကျနော် လက်မခံနိုင်ဘူး။ ဘာဖြစ်လို့ လက်မခံနိုင်သလဲ ဆိုတော့ ဒီဟာက အာဏာတခုတည်းကိစ္စ မဟုတ်ဘူး။ အခုပြောနေတာက အာဏာကိစ္စ မဟုတ်ဘူး။ ကျနော်တို့က ဒီမန်းဒိတ်လုပ်ပြီးတော့ ဒီလွှတ်တော်ကို ခေါ်ပေးရေးဆိုတာက ကျနော် စောစော ကပြောခဲ့တဲ့၊ ဒေါ်စု ပင်လုံကျောက်တိုင်မှာ ဖတ်တယ်ဆိုတဲ့ စာတမ်းမှာ ပါပြီးသားပါ။ ကျနော်တို့လုပ်မယ့်ဟာက အာဏာရရေးဆိုတာ မဟုတ်ဘူး။

ကျနော်တို့လုပ်မယ့်ဟာက လွှတ်တော်ခေါ်မယ်၊ လွှတ်တော်ကနေပြီးတော့ ကွန်စတီကျူးရှင်း ဆွဲမယ်၊ လွှတ်တော်ရဲ့ ကမကထပြုချက်နဲ့ ကွန်စတီကျူးရှင်း ဆွဲမယ်၊ အဲဒီ ကွန်စတီကျူးရှင်း ဆွဲတဲ့ အန်စီတခု လုပ်မယ်။ အဲဒီ အန်စီထဲမှာ အဖွဲ့အစည်းတွေ အများကြီးပါမှာ။ အဲဒီအန်စီကဆွဲတဲ့ ထွက်လာတဲ့ ကွန်စတီကျူးရှင်းအတိုင်း ကျနော်တို့ ရွေးကောက်ပွဲ ပြန်လုပ်မယ် ဆိုတဲ့ဟာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အခုက ဒီမန်းဒိတ်နဲ့ ပြန်ကိုင်ပြီးတော့ ဒီအန်စီတခုကို၊ ကွန်စတီကျူးရှင်းတခုကို လုပ်မယ်ဆိုတဲ့ဟာက ကျနော်တို့အာဏာအတွက် မဟုတ်ဘူးဗျာ။ ရှင်းရှင်းပြောရရင် ခိုင်မာတဲ့ ဒီမိုကရေစီအတွက် လုပ်တာ။ ဒါမှသာလျှင် အဲလို လွှတ်တော်ကနေ ကမကထပြုချက်နဲ့ လွှတ်တော်ဆိုတာ ပြည်သူရဲ့ဆန္ဒတွေအကုန်လုံး တည်ရာ လွှတ်တော်၊ ဒီလွှတ်တော်ရဲ့ ကမကထပြုချက်နဲ့ ပေါ်လာမယ့် အန်စီကနေပြီးတော့ ရေးဆွဲတဲ့ ကွန်စတီကျူးရှင်းအတိုင်း ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားမှာ။ ဒါ ဒီမိုကရေစီကို လုပ်မယ်လို့ ကျနော်တို့ ပြောခြင်းဖြစ်တယ်။”



No comments: