Wednesday, September 24, 2008

NEJ interview 01

အင်းစိန်ထောင်တွင် (၁၉)နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၃-၉-၂၀၀၈ က လွတ်မြောက်လာသည့် သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ခေတ်ပြိုင်သတင်းထောက် ပီတာအောင် ဆက်သွယ်မေးမြန်းချက်
(၂၄-၉-၀၈)
ဆရာဦးဝင်းတင်အား အနှစ် ၂၀ နီးပါးနေခဲ့ရသည့် ထောင်တွင်းကာလများ ကို မည်သည့် ယုံကြည်ချက်များဖြင့် ဖြတ်သန်းခဲ့ကြောင်း ခေတ်ပြိုင်သတင်းထောက် ပီတာအောင်က မေးမြန်းရာ ဆရာ ဦးဝင်းတင်က ယခုကဲ့သို့ စတင်ဖြေကြားသည်။

ဖြေ- အခြေခံကတော့ ကျနော် နိုင်ငံရေးသမားတယောက်လိုနေခဲ့တယ်ဗျ။ ဘာလို့နိုင်ငံရေးသမားလိုနေလဲဆိုရင် ကျနော်ထောင်ထဲရောက်တာက ကျနော်က သတင်းစာဆရာဖြစ်သော်ငြားလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ရောက် တာဖြစ်နေတာကို။ ဟိုမှာတွေ့တာလည်း နိုင်ငံရေးသမားတွေနဲ့ပဲ တွေ့တဲ့အခါကျတော့။ အမြဲတမ်း ကျနော် သတိထားတာက နိုင်ငံရေးပဲဗျ။ နိုင်ငံရေးမှာ ကျနော် ဘာနဲ့နေလဲဆိုတော့ စုလွှတ်တွေ့ဆိုတဲ့ မူကို ကျနော် တို့က ကိုင်လုပ်တယ်ဗျ။
စုလွှတ်တွေ့ဆိုတာ ဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ရေး၊ လွှတ်တော်ခေါ်ယူကျင်းပရေး၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေး အဲဒီ (၃)ချက်ကို ကျနော်က ကိုင်တယ်။ ဒါက ရပ်တည်ချက်ပေါ့ဗျာ။နောက်ကြွေးကြော်ချက်ကဘာလဲဆိုရင် ဒေါ်စုရဲ့ခေါင်းဆောင်မှုကို ၀န်းရံကြ၊ လွှတ်တော်ကို ၀န်းရံကြ။ အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ၀န်းရံရေး (၃) ပါးနဲ့ ကျနော်က တိုက်နေတယ်။ ကျနော်ကတော့ အဲဒီကြွေးကြော်သံ (၃) ရပ်နဲ့ပဲလုပ်တယ်။ ဘာလို့လဲဆိုတော့ သိပ်များများကြီး စဉ်းစားမနေဘူး။ အများကြီးဆို ဝေးသွားမှာစိုးတယ်။ ကျနော်က ဒီအခြေခံ (၃) ရပ်ကိုကိုင်ပြီးတော့ ဒါကိုမူအနေနဲ့ကိုင်ပြီး ဒီကနေ သိပ်မရွေ့အောင်လုပ်တာ။

ဒီနေ့ထိ ထွက်ခါနီး နောက်ဆုံးပိတ်အထိ မနက် (၆) ခွဲကနေ ကျနော့်ကို လွှတ်ဖို့လာခေါ်တာ ညနေ (၄) နာရီမှ ထွက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က (၄၀၁) ကို လက်မခံဘူး။ အိုနာကျိုးကန်းစီမံချက်လို့ ကျနော်ပြော တဲ့ ကျန်းမာရေးအကြောင်းပြချက်၊ အသက်ကြီးတာအကြောင်းပြချက်၊ ဒါတွေကို ကျနော်လက်မခံဘူး။ အဲဒါတွေငြင်းရပြီး နောက်ဆုံးပိတ်ကျတော့ ထောင်ကအ၀တ်အစားနဲ့ပဲ ကျနော်ထွက်လာခဲ့တာ။

ပစ္စည်းလည်း ကျနော်မယူဘူး ဘာညာဆိုတော့ သူတို့တွေ အကုန်လုံး ထုပ်ပိုးပြီးတော့ လာပြီးတော့ ပစ္စည်းတွေ ဘာတွေ လာပို့သွားတယ်။ လက်မှတ်မထိုးတာက ဒီနှစ် ကျနော် ဆေးရုံတက်နေတုန်းအချိန်တုန်းကလည်း ကျနော့်ကို လာပြီးတော့ လက်မှတ်ထိုးခိုင်းဖူးတယ်။ ကျနော်ငြင်းခဲ့ဖူးတယ်။ ဒါတင်မဟုတ်ဘူး ၁၉၉၀ တုန်းက ကျနော့်ကို ထောက်လှမ်းရေးက ကျနော် ထောင်ထဲကိုဝင်ပြီး တနှစ်ကျော်ကျော်လေးရှိသေးတယ် ကျနော့်ကို လက်မှတ်လာထိုးခိုင်းတယ်။ အဲဒီတုန်းကတည်းက ငြင်းခဲ့တဲ့ဟာ။ ဒါကျနော်လုံးဝ လက်မခံတဲ့ဟာ။ တောင်းဆို ချက်ကတော့ စုလွှတ်တွေ့ထဲမှာပါတဲ့ ဒေါ်စုနဲ့တကွနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေး။ ဒါပဲ။ ဒါနဲ့ ရပ်တည်ခဲ့တာ ဒီလိုနဲ့ပဲ ကျနော်အနှစ် (၂၀) ကြာခဲ့တာ။

မေး- အကျဉ်းထောင်ထဲမှာ မစ္စတာပီညဲရိုးတို့လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ လာရောက် တွေ့ဆုံမှုဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘယ်လို အကျိုးရလဒ်မျိုးတွေ ဖြစ်စေခဲ့ပါသလဲ။
ဖြေ- သူတို့နဲ့ပတ်သက်ပြီးတော့ အမျိုးစုံပြောကြတာပေါ့ဗျာ။ ပြောတာတော့ မှားတယ်မှန်တယ် ကျနော်ဝင် မပြောချင်ဘူး။ ဒါနိုင်ငံတခုလုံးမှာရှိတဲ့ လူ့အခွင့်အရေးကိစ္စတွေကို သူတို့လုပ်ကိုင်ဆောင်ရွက်မှု ဘယ်လောက် အထိ ထိရောက်တယ်၊ မထိရောက်တယ် အပေါ်မှာမူတည်ပြီးတော့ သူတို့ဘာသူတို့ ဝေဖန်ကြတယ်၊ ချီးမွမ်းကြ တယ်။ ထောင်ထဲမှာတော့ မစ္စတာပီညဲရိုးတို့က အများကြီးလုပ်ပေးသွားနိုင်တယ်လို့တော့ ကျနော်ယူဆတယ်။ ဘာလို့ဆိုတော့ ထောင်ထဲမှာက ကျနော်တို့မှာ ထမင်းမစားရဘူး။ ထမင်းဂေါ်လေး တဂေါ်ပဲကြွေးတယ်။ ထမင်းတဂေါ်ထက် ပိုတောင်းရင် မ၀လို့ အလုပ်သမားတွေဗျာ၊ လယ်သမားတွေဗျာ၊ ထောင်ကျနေတဲ့ ရိုးရိုးတန်းတန်းလူတွေ အဲဒီလူတွေက ထမင်းမ၀လို့ထပ်ပြီး ထမင်းနည်းနည်းပေးပါဆို တုတ်နဲ့ရိုက်တယ်ဗျ။ ကျနော့်မျက်စိနဲ့မြင်တာ။ အဲဒါကြောင့် ၁၉၉၅ မှာ ကုလသမဂ္ဂကို စာရေးတဲ့အထဲမှာ ထမင်းဝအောင်ကြွေးဖို့ပါ တယ်။ အဲဒါကြောင့် အဲဒီကိစ္စကို ကျနော်တို့က အမြဲတမ်းတိုက်တယ်။ ထမင်းတော့ဝအောင်ကြွေးပါ ခင်ဗျားတို့ ဆိုပြီး။ ဆိုတော့ မစ္စတာပီညဲရိုးတို့ကလည်း အဲဒါကို တော်တော်လေး တွန်းတယ်။ တွန်းတော့ ၂၀၀၂ ခု ၂၀၀၃ ခုနှစ်လောက်ကြတော့ ထောင်ထဲမှာ ဘာရေးထားလဲဆိုတော့ နံရံမှာ စာရေးထားတယ်။ ပုံစံ မလို အ၀စား ဆိုတဲ့ဟာ။ အဲဒါ ကျနော်တို့တိုက်တာ ၁၉၉၅ မှာတိုက်တာ။ ၂၀၀၃ ခုနှစ် (၇) နှစ် (၈) နှစ် လောက်ကြာတဲ့ အခါမှာ ဒီတောင်းဆိုချက်ကရတယ်ဗျ။

အခုကျနော်ထောင်ထဲက ထွက်လာတဲ့အခါကျတော့ အဲဒါနံရံမှာရေးထားတော့ ကျနော်ကားပေါ်က နေကြည့်ပြီးတော့ ကျနော်နဲ့ပါလာတဲ့ အရာရှိတွေကိုပြသေးတယ်။ အဲတော့ ခင်ဗျားတို့ ထောင်ထဲမှာနေတုန်းမှာ ဘာများအသုံးကျခဲ့သလဲလို့ ကျနော့်ကိုမေးရင် ဒီတိုက်ပွဲမှာ ကျနော်ပါခဲ့တယ်၊ ထမင်းဝအောင်ကြွေးဖို့ နံရံမှာတောင် ရေးထားရတယ်။ အဲဒါက မစ္စတာပီညဲရိုးက အများကြီးပါခဲ့တယ်။ ကျနော်တို့ရဲ့တိုက်ပွဲကို အများကြီးကူခဲ့တယ်။ အဲဒါကြောင့် ထမင်းဝအောင်စားရတဲ့အထဲမှာ မစ္စတာပီညဲရိုးတို့ လုပ်ရပ်တွေပါတယ်။

မေး- ၂၀၀၅ ခုနှစ် ဇွန်လမှာ ဆရာကြီးကို ထောင်အာဏာပိုင်တွေက ပြန်လွှတ်ပေးမယ်ဆိုပြီး ထောင်ဘူးဝထိ ထုတ်ပြီးကာမှ ပြန်ပြီး အကျဉ်းချထားခဲ့တာ ဘာကြောင့်ပါလဲ။ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ- ဒီလိုရှိတယ်ဗျ။ ကျနော့်ကို သာမန်အားဖြင့်ဆိုရင် ထောင် အနှစ် (၂၀) ချထားလို့မရဘူးဗျ။ ထောင်က (၁)နှစ် ကို (၃) လလောက် လျော့ရက်ရတယ်ဗျ။ ကျနော်က အနှစ် (၂၀) ကျတော့ (၁၆) နှစ်ဆိုရင် သာမန်အားဖြင့် လွတ်ရမယ်ဗျ။ အဲ့တော့ ကျနော့်ကိုလာပြီး ပစ္စည်းသိမ်းပါ လွှတ်ပေးမယ်ဆိုတော့ ကျနော်သံသယဖြစ်တယ်။ ကျနော်ပြောတယ် ဟုတ်မှဟုတ်ရဲ့လားဗျာ။ ဟုတ်ပါတယ်ဆိုတော့ ကျနော်လိုက်သွားတယ်။ နှစ်စေ့လို့ လွှတ်တယ်လို့ ကျနော်က ထင်တာပေါ့ဗျာ။ ကျနော်က (၁၆) နှစ်ကိုဗျ။ (၁၆) နှစ်ဆိုတော့ ကျနော်လွတ်ပြီလေ။
အဲတော့ ကျနော်လိုက်သွားတယ်။ ဟိုရောက်တော့ လူ (၁၀၀) လောက်မှာ ကျနော်က နောက်နားမှာထိုင်နေတာ အတင်းခေါ်ပြီးတော့ ရှေ့ကိုတင်တယ်။ ကျနော်နာမည်လည်း ထုတ်ပြောတယ်။ ဆရာဦးဝင်းတင် ဘာညာပေါ့ဗျာ လျှောက်ပြောတာပေါ့။ ညွှန်ချုပ်က သူလည်း ၀မ်းသာအားရပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးလဲပြီးရော ဘာလုပ်လဲဆိုတော့ လူ (၁၀) ယောက်နေခဲ့ပါတဲ့ ၀န်ကြီးက တွေ့ချင်လို့တဲ့ ပြောတယ်။ အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၈) ယောက်။ အဲမှာ ကျနော်နဲ့ အမတ် (၁) ယောက်ပါတယ်။ ကျနော်တို့ကို ထမင်းကြွေးတယ်။ ပြီးလဲပြီးရော ကျနော့်ကို ထောင်ထဲပြန်သွင်းထားတယ်ဗျ။
အဲဒီအချိန်တုန်းကတော့ ကျနော် အခုထွက်သလို ကန့်ကွက်တာတွေ ဘာတွေမလုပ်ခဲ့ဘူး။ ကျနော်လွတ်ရက်စေ့ လို့ လွတ်တာပဲလို့ ကျနော်ထင်လို့လိုက်တာတာ။ ဟိုလည်းကျရော မဟုတ်ဘူး ၀န်ကြီးနဲ့တွေ့မယ်ဆိုပြီး ၀န်ကြီးနဲ့လည်း မတွေ့ဘူး။ မတွေ့ဘဲနဲ့ ကျနော့်ကို ထောင်ထဲပြန်ထည့်ထားတာ။ အဲဒီတုန်းက သူတို့ ကလိမ်ကျတာ။ သို့မဟုတ်ရင်လည်း လူတွေကို စိတ်ဓာတ်အားဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပေါ့။

အဲဒါနဲ့ပတ်သက်ပြီး ညွှန်ချုပ်က ကျနော့်ဆီ လာပြီး ဒီလိုဖြစ်သွားတာနဲ့ပတ်သက်လို့ ဦးဝင်းတင် ဘယ်လို သဘောထားလဲတဲ့။ ကျနော်က ဘယ်လိုမှသဘောမထားဘူး၊ ခင်ဗျားတို့ ဒီအစိုးရ လိမ်နေတဲ့ဟာလို့ဘဲ ကျနော်သဘောထားတယ်လို့။ ကိစ္စမရှိပါဘူးလို့။ ဖဆပလခေတ်တုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေး ကနေပြီး လူတွေကိုလွှတ်ဖို့ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းကတောင်းဆိုလို့၊ ကက်ဘိနက်က တောင်းဆိုလို့၊ သူက ထောင်သားတွေကို ဘူးကိုလွှတ်တယ်၊ လွှတ်ဝရမ်းပေးတယ်။ ထောင်သားတွေက လက်မှတ် ထိုးပြီးတာနဲ့ တပြိုင်နက်တည်း ဖမ်းဝရမ်းကိုပြန်ပေးပြီး ထောင်ထဲပြန်သွင်းတယ်။ အဲဒါကို ကျနော်တို့ ၁၉၅၀ ကျော်ကျော် တုန်းကဆိုရင် သတင်းစာလောကမှာ ခင်မောင်လေး ကာလနာတိုက်တယ်လို့ခေါ်တယ်ဗျ။

အဲတော့ ကျနော်ကပြောတယ်။ ဟိုခေတ်ကတည်းက ခင်မောင်လေးကာလနာတိုက်တယ် ဆိုတဲ့စကားက ခေတ် စားခဲ့တယ်။ အခုလည်း ကျနော့်ကိုဘယ်သူက ကာလနာတိုက်တယ်တော့မသိဘူး ကျနော်ထောင်ထဲပြန် ရောက်တယ်။ ဆိုတော့ ကျနော် ဘာသဘောထားမှ မရှိပါဘူး။ ခင်ဗျားတို့ ကျနော့်ကို ထောင်ထဲမှာ တသက်လုံး ထားလည်း နေမှာပဲ။ ဒါပေမယ့် ကျနော် တသက်လုံး တိုက်နေမှာပဲ။ မူအရလည်းမလုပ်ဘူး၊ စည်းနဲ့ကမ်းနဲ့လည်း မလုပ်ဘူး။ ဥပဒေအရလည်း မလုပ်ဘူးလို့ ဒါ ကျနော်ညွှန်ချုပ်ကို ပြောတယ်။ ညွှန်ချုပ် အဲဒီတုန်းက ကျနော့်ကို လာတွေ့တယ်၊ ထောင်ကနေပြန်ပို့ပြီး နောက်တရက်ခြားမှာ။

ခုတခါကျတဲ့အခါကတော့ ဒီတခါလာထုတ်တဲ့အခါကျတော့ ကျနော်လက်ခံတော့ဘူး။ (၄၀၁) လည်း ကျနော် လက်မခံဘူး။ အိုနာကျိုးကန်းစီမံကိန်းလို့ခေါ်တဲ့ ကျန်းမာရေးတို့၊ အသက်ကြီးတာတို့၊ ကျနော် လက်မခံဘူး။ ကျနော်မလိုက်ဘူးဆိုပြီး (၆) နာရီခွဲကတည်းက စပြီး ကျနော်ငြင်းတာ ညနေ (၄) နာရီမှ ထွက်ရတယ်။ ကျနော်က ထောင်အ၀တ်အစားပဲဝတ်ပြီးတော့ မချွတ်နိုင်ဘူးဆိုတော့ ထောင်ကဟာ တဲ့။ ထောင်ကပစ္စည်းဆို ခင်ဗျားတို့ ချွတ်ယူ ကျုပ်ကိုယ်တုံးလုံးနဲ့ထွက်မယ်ဆိုတော့။ ဟာ အဲလိုလည်း မလုပ်ပါဘူးတဲ့။ ကျနော့်ပစ္စည်းလည်း ကျနော်မစစ်ဘူးဆိုတော့ ကျနော့်ပစ္စည်းတွေ သူတို့ ဘာသူတို့သိမ်းပြီး ကျနော့်ကို ပြန်ပို့ပေးတယ်။

မေး- အကျဉ်းထောင်တွင်းမှာနေတုန်းကာလမှာ နိုင်ငံရေး အကျဉ်းသားတယောက်အနေနဲ့ စာအုပ်စာ တမ်းဖတ်ရှုခွင့်အပါအ၀င် အခြားရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ ရရှိခဲ့ပါသလား။
ဖြေ- ရှိတယ်ဗျ။ ဟိုတုန်းက ကျနော်တို့ လူငယ်တွေပေါ့ဗျာ တောင်းဆိုချက် (၈) ချက်ရှိတယ်ဗျ။ ရေး၊ ဖတ်၊ ကျန်း ဘာ၊ အား၊ လည်၊ ထောင်ဝင်စာ၊ ချက်စား (၈) ချက် တောင်းတယ်။ အဲဒါလေးက ကျနော်တို့ထဲက မိုးဇော်ဦး ဆိုတာ ကဗျာလေးစပ်ပြီးတော့ အဲကဗျာလေးက ဖတ်ရလွယ်ပြီး မှတ်ရလွယ်နေတာပေါ့။ အဲဒီတုန်းကတည်းက စာရေးစာဖတ်ခွင့် တောင်းခဲ့တာဗျ။ ၁၉၉၀ ခုနှစ်လောက်ကတည်းက မရဘူးဗျ။ ၂၀၀၀ ခုနှစ်ကျော်မှ ကျနော်တို့ကို ဘာသာရေးစာအုပ် ဖတ်ခွင့်ပေးတယ် ၂၀၀၁ ခုလောက်မှာ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတော့ ကျနော်တို့ကို စပြီး သတင်းစာပေးတယ် အစိုးရသတင်းစာ။ ပြီးခဲ့တဲ့ တနှစ်လောက်ကစပြီး ဂျာနယ်တွေ ဘာတွေ ဖတ်ရတယ်။ ကျနော်တို့ကတော့ စာပဲဖတ်နေရတာပေါ့။ ရွေးတော့မဖတ်နိုင်ဘူးပေါ့။ ရောက်တဲ့ဟာ ဖတ်ရတော့ပေါ့။

မေး- ထောင်ကပြန်လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘ၀ကိုဘယ်လိုဖြတ်သန်းမလဲ။ အန်အယ်လ်ဒီပါတီမှာ ပြန်ပြီး တာဝန်ယူသွားမလား။ ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ- အဲဒါနဲ့ပတ်သက်လို့ ကျနော်တိုတိုလေးပြောချင်တာက (၁) ကတော့ ဘာလဲဆိုရင် ကျနော်က နိုင်ငံရေးကို လုပ်ဦးမှာ။ ကျနော်ဝတ္တရားရှိတယ်ဗျ။ ထောင်ထဲမှာလည်း အမြဲတမ်းပြောတယ်။ ကျနော်တို့မှာ လုပ်နိုင်တယ်။ ကျနော်တို့မှာ အစွမ်းအစရှိတယ်။ လုပ်ဖို့လူတွေရှိတယ်။ လုပ်ဖို့အင်အားရှိတယ်။ ဒီလိုဟာတွေ ကျနော်မပြောဘူး။ ကျနော် အသက်လည်းကြီးပြီဗျာ။ လုပ်နိုင်သလောက်ကတော့ ကျနော်လုပ်မယ်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးအတွက် လုပ်မယ်။ လုပ်ရမယ်။ ကျနော့်မှာဝတ္တရားရှိတယ်။ အန်အယ်လ်ဒီထဲ ၀င်လုပ်ရေး မလုပ်ရေးဆိုတာကတော့ သူတို့ကို အစိုးရကနေ ညွှန်ကြားတဲ့အတွက်ကြောင့် ၁၉၉၀ ခုနှစ်ကတည်းက ဒေါ်စုတို့၊ ဦးကြည်မောင်တို့၊ ဦးတင်ဦးတို့၊ ကျနော်တို့ကို ထုတ်ပြီးသားဗျ။ အဲဒါကို ကျနော် အန်အယ်လ်ဒီထဲပြန်လုပ်နိုင်လား၊ မလုပ်နိုင်လား ကျနော်မသိဘူး။ လုပ်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်ကတော့ ဒီမိုကရေစီရေး အတွက်တော့ လုပ်မှာပဲ။ ပါတီဝင်ဖြစ်ဖြစ်၊ ပါတီဝင်မဖြစ်ဖြစ်။

သို့သော် အန်အယ်လ်ဒီနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီဟာ ဒီနေ့ရပ်တည်ချက်နဲ့ပတ်သက်လို့ အန်အယ်လ်ဒီဟာ အတော်အတန်ကောင်းတယ်၊ အတော်အတန်တိုးတက်တယ်၊ အတော်အတန်မှန်တယ်လို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီဘက်တော့ ကျနော်ရပ်နေမှာပဲ။ အကယ်၍ အန်အယ်လ်ဒီဟာ ချွတ်ချော်နေရင်လည်း ကျနော် အန်အယ်လ်ဒီဘက်ကရပ်ပြီးတော့ အန်အယ်လ်ဒီကိုဆက်ပြီးတော့ နေနေမှာပဲ။ မှားတောင်မှ ပြင်ယူမယ်ဗျာ။ ကိုယ့်ကိုအကပ်မခံလည်း အတင်းကပ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ အားပဲ၊ အန်အယ်လ်ဒီဟာ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းဟာ မပျက်သုဉ်းကောင်းဘူးလို့ ကျနော်ယူဆတယ်။
နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲရေး၊ စုစည်းရေးကို ကျနော် ကြိုးစားလုပ်မယ်။
ကျနော်လုပ်မယ့်ဟာ ချုပ်လိုက်ရင် ဒီမိုကရေစီရေးအတွက် ကျနော်အဓိကထားပြီး လုပ်မယ်။
(၂) က အန်အယ်လ်ဒီမှာ စုစည်းရေး၊ အန်အယ်လ်ဒီကို ၀န်းရံရေးအတွက် ကျနော်ဆက်ပြီးလုပ်မယ်။ နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲနိုင်သမျှလက်တွဲရေး၊ ကျန်တဲ့အင်အားစုများနဲ့ တူတာဖြစ်ဖြစ် မတူတာဖြစ်ဖြစ် တွဲရေး အဲဒါလုပ်မယ် အဲဒီအတိုင်းသဘောထားတယ် ။

အဲလိုသဘောထားတဲ့အခါမှာ လုပ်ဟန်ကတော့ဘာလဲဆိုရင် အာဏာရှင်စနစ်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဘယ်သူ့ကိုဘာညာဆိုပြီး ဒီလိုပုဂ္ဂိုလ်ရေးကို အဖွဲ့အစည်းကြီးကို တိုက်တာမျိုး ကျနော်ဘာမှမလုပ်ဘူး။ သူတို့လုပ်နေတာ စစ်အာဏာယန္တရားကို ကျနော် ဒါလက်မခံဘူး။ ဒါသူတို့ကို ကျနော် သူတို့ကိုလည်း ပြောခဲ့ပြီးပြီ။ ဒီလူတွေ အပြင်ထွက်ပြီး နိုင်ငံရေးလာလုပ်ရင် ကျနော်တို့အထဲလာလုပ်မလား၊ တခြားပါတီမှာ လုပ်မလား။ သူတို့အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့ဝင်တွေက ထောက်ခံရင် သူတို့ဘာသူတို့ ခေါင်းဆောင်တွေအဖြစ် ညှိနှိုင်းလုပ်ပေါ့။


သို့သော် တပ်ကနေပြီးတော့ တိုင်းပြည်ရဲ့ပေါ်မှာ၊ လွှတ်တော်ရဲ့အပေါ်မှာ တိုင်းပြည် ပြည်သူပြည်သားရဲ့ ဆန္ဒအပေါ်ကနေပြီးတော့ တပ်မတော်သည် ဗမာ့နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာပါရမည်ဆိုတာ ကျနော်လက်မခံဘူးဗျ။ အဲလိုလက်မခံတဲ့အတွက် ကျနော်ကတော့ ဘယ်လို စကားလုံး သုံးလည်း ဆိုတော့ စစ်အာဏာ ယန္တရားကို ဖျက်သိမ်းပါ။ ခင်ဗျားတို့ဟာ ထောက်လှမ်းရေးယန္တရားကြီးကိုတောင် ဖျက်နိုင်ခဲ့ရင် ဘယ်လောက်ပျက်တယ်၊ မပျက်တယ်ကတော့ တပိုင်းပေါ့ဗျာ။ တချို့ထောက်လှမ်းရေးတွေ ရာထူးကြီးတွေ လုပ်ကိုင်နေတာ ဒါထား။

ထောက်လှမ်းရေး ယန္တရားပျက်စီးသွားတဲ့အတွက် ကျနော်တို့တိုင်းပြည်မှာတော့ ဘယ်လောက်သက်သာသလဲ တော့ ကျနော်မသိသေးဘူး။ ကျနော်တို့ ထောင်ထဲမှာတော့ အများကြီး သက်သာသွားတယ်။ ထောက်လှမ်းရေးတွေက အမျိုးမျိုး နှိပ်စက်၊ အမျိုးမျိုး ညှဉ်းပန်း၊ အမျိုးမျိုး ညစ် လုပ်ခဲ့တယ်၊ ဒီယန္တရားက။ အဲဒီလိုပဲ အခုရှိတဲ့ခေါင်းဆောင်များက စစ်အာဏာယန္တရားကြီးကိုဖျက်သိမ်းပါ။ အမှတ် (၆)လိုဟာမျိုး ဖျက်သိမ်းပါ။ ဒီလိုလုပ်ရင် အများကြီးတိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်။

အဓိက ကျနော်လုပ်မယ့်ဟာကတော့ ဒီမိုကရေစီနိုင်ငံရေးကိုလုပ်မယ်။ နောက်တခုက အလုပ်လုပ်မယ့်ဟန်က သဘောထားက ဘာလဲဆိုရင် စစ်တပ်မို့လို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမို့လို့၊ ဘာလို့၊ လူပုဂ္ဂိုလ်တွေ ကျနော် ဘယ်သူ့မှ အပြစ်မတင်ဘူး။ ဘယ်သူ့ကိုမှ မရှုတ်ချဘူး၊ ဘယ်သူ့ကိုမှ မကန့်ကွက်ဘူး။ လက်တွဲလုပ်နိုင်ရင် လုပ်မယ်။ ဒါပေမယ့်လို့ နိုင်ငံရေးကို နိုင်ငံရေးသမားအနေနဲ့လုပ်ပါ။ စစ်တပ်ကနေ စစ်အာဏာယန္တရားကြီးကို ဖျက်သိမ်းပါလို့ အဲဒီတောင်းဆိုချက်နဲ့ ကျနော်ရပ်မယ်။ နောက်တခုက ကျနော်စုစည်းနိုင်သမျှ စုစည်းမယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် အကုန်လုံးကိုလက်တွဲပြီးတော့ လုပ်သွားမယ်။

မေး- ဆရာကြီးအနေနဲ့ အန်အယ်လ်ဒီမှာ ပြန်ပြီးတာဝန်ယူမယ်ဆိုရင် တာဝန်ပြန်ပေးမှာဖြစ်ပြီး လက်ခံမယ်လို့ မျှော်လင့်တဲ့အကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကခေတ်ပြိုင်ကို ပြောပါတယ်။ ဆရာကြီးအနေနဲ့ ဒီကမ်းလှမ်းမှုအပေါ် ဘယ်လိုသဘောရပါသလဲ။
ဖြေ- သူတို့မှာ ဒီသဘောထားရှိတာကို ကြိုဆိုပါတယ်။ ၀မ်းလည်းသာတယ်။ ဒီသဘောထားမျိုးဟာ ကျနော့်အပေါ်မှာ ထားသလို လူတိုင်းအပေါ်မှာထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တယောက်တည်းတင် ဘယ်တာဝန် ဘာညာ ဒါကအရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်၊ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှ စုစည်းမယ်ဆိုတဲ့ သဘောထားရှိရင် အကောင်းဆုံးပဲ။ ဒါကြောင့်မို့လို့ ကျနော် ဒီသဘောထားကို ကြိုဆိုပါတယ်လို့ ပြောချင်တယ်။ ဦးလွင်တို့ဘက်က ဒီလိုသဘောထားတာ သိပ်ကောင်းတဲ့ဟာ၊ သိပ်လည်းမှန်တဲ့ဟာ လုပ်တာမလုပ်တာတို့၊ ဘာတို့ဆိုတာ တပိုင်း။ ဘာလို့လုပ်တာမလုပ်တာ တပိုင်းလို့ ပြောရလည်းဆိုရင် သူတို့ရော ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကြည့်ရဦးမယ် ဒါတခုပေါ့။

နောက်တခုက သူတို့ခေါင်းဆောင်မှုရှိနေတဲ့ ခေါင်းဆောင်မှုကို ကျနော်တို့က လှေတခုကို မလှုပ်ချင်တော့ဘူးဗျ၊ ဒါလည်း ထည့်စဉ်းစားရမယ့်ဟာပေါ့။ ဦးလွင်တို့ခေါင်းဆောင်နေတာ မှားယွင်းနေရင်တော့ ၀မ်းသာပါတယ်ဗျာ ခင်ဗျားတို့ကြွပါတော့လို့ ပြောရုံပဲရှိတယ်။ မမှားယွင်းဘူးဗျ။ သူတို့မှန်နေတယ်လို့ ကျနော်ထင်တယ်။

အခုရပ်တည်ချက်ဟာ တော်တော်ကောင်းတယ်လို့ ကျနော်ထင်တယ်။ အဲလိုဟာမျိုးမှာ ကျနော်တို့ ခေါင်းဆောင်ဖို့နေရာက အရေးမကြီးဘူးဗျ။ ကျနော်တို့ စုစည်းနိုင်ဖို့ပဲ။ စုစည်းနိုင်ဖို့သဘောထားကို ကျနော်တို့အပြင် ဥပမာ ဒေါ်မြင့်မြင့်ခင်တို့၊ ကိုဝံသတို့၊ ကိုချမ်းအေးတို့ စသည့်ပုဂ္ဂိုလ်တွေအားလုံးကို စုစည်းနိုင်သမျှစုစည်းဖို့ကြိုးစားပါ။ အဲဒီသဘောထားကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြက်ပါလို့၊ ဖြန့်ကြက်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ ကျနော်တိုက်တွန်းတာမဟုတ်ဘူး ကျနော်မျှော်လင့်တယ်။ ဖြန့်ကြက်နိုင်ရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ လုပ်ရေးမလုပ်ရေး ဒါအရေးမကြီးပါဘူး။ အမှန်အတိုင်းပြောရရင် အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ကြွေးကြော်သံကို တလျှောက်လုံးရပ်နေတဲ့အတွက် အန်အယ်လ်ဒီကို အမြဲတမ်းထောက်ခံပြီးသား။ ခေါင်းဆောင်မှုဟာလည်း ဘာပဲပြောပြော ဒီနှစ်ပိုင်းမှာ သိပ်ကိုမှန်တယ်လို့တောင် ထင်ပါတယ်။

မေး- နအဖရဲ့ ရုဒ်မက်ကလွဲပြီး တခြားရွေးချယ်စရာလမ်းမရှိတော့ဘူးဆိုပြီး၊ ထွက်ပေါက် ပိတ်နေပြီဆိုပြီး လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ စိတ်ပျက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ ဆရာကြီးရဲ့ အမြင်ဘယ်လိုရှိပါသလဲ။
ဖြေ- ဒါကဒီလိုရှိတယ်ဗျ။ စိတ်ပျက်တဲ့လူတွေကို ကျနော် အပြစ်မတင်ချင်ပါဘူး။ စိတ်လည်း ပျက်လောက်တယ်ဗျ။ စိတ်ပျက်လောက်တဲ့အကြောင်းကဘာလဲဆိုရင် စစ်အစိုးရဟာ တံခါးတွေပိတ်နေပြီဗျ၊ လမ်းတွေပိတ်ပစ်နေပြီ၊ ဒီဖွဲ့စည်းပုံဆိုတာလည်း ဒီကနေထွက်လာမယ့် ရွေးကောက်ပွဲတို့၊ ပါတီတွေရပ်တည်ခွင့်တို့ဆိုတာတွေဟာ အဲဒီမှာ တံခါးပိတ်နေပြီဗျ။ ဒါကြောင့် ကျနော်တို့က ခင်ဗျားတို့ပိတ်ချင်တာပိတ်။ ခင်ဗျားတို့ချချင်တာချ။ ကျနော်တို့ လက်မခံဘူး။ ဖွဲ့စည်းပုံကို ကျနော်တို့ကလက်မခံတဲ့အတွက် ဒီကနေပေါက်ဖွားလာမယ့် နိုင်ငံရေးပါတီများ ရပ်တည်ခွင့်တို့၊ ရွေးကောက်ပွဲကိစ္စတို့ ဘာတို့ ဒါတွေပါ ကျနော်တို့လက်ခံလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့က တခုရှိတယ် လက်မခံဘူးဆိုပြီး မျက်စိမှိတ်ပြီး ငြိမ်နေတာမဟုတ်ဘူး။ ဆွေးနွေးကြဦးစို့။ ဘယ်လိုများ လုပ်လို့ ရမလဲ။ ခင်ဗျားတို့အတိုင်းဆိုရင် လမ်းကပိတ်နေတယ်။ ဒီလိုပိတ်သွားရင် နိုင်ငံရေးက တလမ်းသွားပဲ ဖြစ်တော့မယ်။ တဖက်ပိတ်ပဲဖြစ်တော့မယ်။ လမ်းထဲဝင်တဲ့လူပဲရှိတယ်။ ကျန်တဲ့လူတွေအကုန်လုံးဟာ လမ်းပေါ် မှာ လေလွင့်နေရမယ့်သဘောမျိုးဖြစ်နေတယ်။ ဒါမျိုး ကျနော်လက်မခံဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ တချို့ပုဂ္ဂိုလ်များက ပြီးသွားပြီ လမ်းပိတ်သွားပြီဆိုပြီး ပြောတယ်။

ကျနော်က အဲ့လိုမထင်ဘူးဗျ။ တွေ့ဆုံဆွေးနွေးရေးက လုပ်ရမှာပဲ။ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်လို့ ကျနော်ယူဆတယ်။ တမျိုးတည်းပဲ တဖက်တည်းပဲကြည့်ရင်၊ အစိုးရလုပ်တဲ့ဟာ လောက်ပဲ ကြည့်ရင်တော့ တွေ့ဆုံဆွေးနွေးရေး မလိုတော့ဘူးပေါ့။ ကျနော်တို့ဘက်ကကြည့်ရင်တော့ ကျနော်တို့မှာ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်။ အဲဒါကြောင့် ကျနော်က တွေ့ဆုံဆွေးနွေးရေးကို ပစ်ပယ်တာကို ကျနော်လက်မခံဘူး။

တွေ့ဆုံဆွေးနွေးလို့ကော ဘာထူးမှာလဲ။ အကုန်လုံးလမ်းတွေပိတ်နေပြီဆိုပြီး ဒါ အစိုးရမျက်စိ နဲ့ ကြည့်နေတာကိုးဗျ။ ဒီလမ်းကြီးကို ခင်ဗျားတို့မပိတ်နဲ့ဦး စက်ကြီးတော့နှိုးနေပြီဗျာ လမ်းပိတ်တဲ့ Road Block တွေ ချနေပြီဗျာ။ တုံးတွေဘာတွေချနေပြီ။ အဲဒါကို ကျနော်တို့က ခင်ဗျားမချနဲ့ဦး၊ ဒီလမ်းကို ဒီလိုမလုပ်နဲ့ဦး၊ ဒီလမ်းကနေသွားစရာတွေ ရှိတယ်လို့ ကျနော်တို့ပြောနိုင်ရင် ဒါပြီးတာပဲ။ အဲဒါတွေချနေတဲ့ဟာကို ရှေ့ဆက်ခရီးသွားမယ့်ဟာကို မပြောပါနဲ့တော့ဗျာ ဆိုတဲ့ဟာမျိုး။ လမ်းတွေပိတ်နေတာနဲ့တင် ရှေ့ခရီးကို ကျနော်တို့ကဆက်ပြီးတော့ ဘယ်လိုခရီးသွားမယ်ဆိုတာ မပြောတော့ဘူးဆိုရင် ကျနော်တို့ကမှားတာပေါ့ဗျ။ ကျနော်တို့ခရီးသွားမယ့်ဟာကို ကျနော်တို့ပြောမှာပဲ။ သွားစရာခရီးရှိသေးတယ်။ သွားမယ့်ခရီးအတွက်ကို ကျနော်တို့မှာလုပ်စရာကိုင်စရာတွေ အလုပ်တွေအများကြီးရှိသေးတယ်။ ရည်မှန်းချက်ပန်းတိုင်းတွေ ကျနော်တို့မှာ အများကြီးရှိသေးတယ်။ ဒါတွေအတွက် Road Block တွေမချပါနဲ့။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေး ရမှာပေါ့။ တွေ့ဆုံဆွေးနွေးရေးက လုပ်ကိုလုပ်ရဦးမယ်လို့ ကျနော်ယူဆပါတယ်။

မေး- လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအားလုံးကို ခြုံငုံသိရှိနိုင်အောင် ဆရာဦးဝင်းတင် အနေနဲ့ အချိန်ဘယ်လောက်ယူ လေ့လာပြီး ရှေ့ဆက် ဆောင်ရွက်သွားမှာပါလဲ။
ဖြေ- အဲဒါတော့ နိုင်ငံရေးကလည်း အလွန်ကျယ်ပြန့်တဲ့အခြေအနေ၊ နိုင်ငံရေးက အလွန်ရှုပ်ထွေးနေတဲ့ အခြေအနေ၊ နောက်တော့ ကျနော်တို့ကိုယ်တိုင်ကလည်း လူတွေနဲ့ တွေ့ရဆုံရတာမလွယ်ဘူး။ ကျနော်ကတော့ စကားပြောဖို့ဆိုဖို့ အမြဲတမ်းကြိုးစားနေတာပဲ။ ကျနော်ကတော့ အဓိကလုပ်မယ့်အလုပ်က စုစည်းဖို့ပဲ လုပ်မယ့်အခါကတော့ ကျနော်နားထောင်မယ်၊ ကျနော်မှားတာတွေပြင်မယ် ကျန်တဲ့လူတွေလုပ်နေတာ ကျနော်နားထောင်မယ်၊ လူတွေကိုတတ်နိုင်သမျှ မသင့်တင့်တဲ့လူ အလှမ်းကွာနေတဲ့လူ အဲဒါတွေ စုစည်းမယ်လို့ ကျနော်မှန်းထားတယ်။ အဲဒါတွေအတွက်ပဲ ကျနော်လုပ်သွားမယ်၊ အဲတော့ ဘယ်လောက်ကြာမယ် မကြာမယ်ဆိုတာတော့ အတိအကျတော့ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျယ်ပြန့်တဲ့ကိစ္စဖြစ်နေလို့ အလွန်ကျပ်တည်းကျဉ်းမြောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

မေး- သတင်းစာဆရာကြီးတယောက်အနေနဲ့ စာနယ်ဇင်းလောကကိုရော ပြန်ဝင်ဖို့အစီစဉ်ရှိပါသေးလား။ သတင်းစာတို့၊ ဂျာနယ်တို့ စသည်ဖြင့် ထုတ်ဖို့ အလားအလာပေါ့ ဘယ်လိုရှိပါသလဲ။
ဖြေ- အမှန်အတိုင်းပြောရရင် ကျနော့် လူပုဂ္ဂိုလ်အရ ပြောရရင်တော့ တော်တော်နည်းသွားပြီဗျ။ ဘာလို့လဲဆိုတော့ ဒီလိုအလုပ်မျိုးက လူငယ်များလုပ်တဲ့အလုပ်ဗျ။ စိတ်ဓာတ်တက်ကြွပြီးတော့ လှုပ်ရှားနေတဲ့ဟာ။ အပင်ပန်းခံနိုင်မှဗျ။ ဥပမာ ကျနော်တို့ငယ်ငယ်က သတင်းစာလုပ်ခဲ့ဖူးတာ တနေ့ကို (၁၅) နာရီအထက် လုပ်ကြတာ။ ဆိုတော့ အခု ဒါတွေ မလုပ်နိုင်တော့ဘူး။ ဒါကတခု၊ နောက် ကျနော်တို့တွေက ခေတ်တွေဘာတွေ အများကြီးကွာနေပြီးတော့ နှစ်ပေါင်း (၂၀) လောက်ဝေးနေပြီဆိုတော့ ကျနော်လည်း အတော်နပါတယ် ခင်ဗျာ။ တွေးတာခေါ်တာ၊ သိတာမြင်တာ အချက်အလက်တွေဘာတွေ အများကြီးနသွားပြီဗျ။

ဒီလိုအချက်တွေတင် မကဘူး၊ စာနယ်ဇင်းလောကမှာ လုပ်တယ်ဆိုတာကလည်း ဗမာပြည်ကြီးဟာ ရှင်းရှင်းပြောရရင် တနည်းအားဖြင့် ထောင်ကျတုန်းပဲဗျ။ တပြည်လုံးက ထောင်ကျနေတုန်းပဲ။ ခင်ဗျားတို့နဲ့ ကျနော်တို့ တယ်လီဖုန်းနဲ့ တက်ကနော်လော်ဂျီအရသာ ဆက်သွယ်နိုင်တာကို သာမန်အားဖြင့်ဆို ခင်ဗျား ကျနော့်လာတွေ့လို့မရဘူး။ ကျနော်လည်း ခင်ဗျားဆီ လာတွေ့လို့မရဘူး။ ခင်ဗျားနဲ့ ကျနော်နဲ့ နယ်စပ်မှာ ဆုံရအောင် ဒါမှမဟုတ် မြို့ထဲကတနေရာမှာ ဆုံတွေ့ရအောင် လုပ်လို့မရဘူး။ ဗမာပြည်ကြီးက ထောင်ကျနေတုန်းပဲ ရှိပါသေးတယ်။ ဗမာပြည်ကြီးက မျက်စိပိတ်နားပိတ် အကုန်းလုံးပိတ်ထားတုန်းပဲ ရှိပါသေးတယ်။ အဲတော့ ကျနော် သတင်းစာလောကထဲ ၀င်လုပ်မယ်ဆိုရင် စာပေစိစစ်ရေးတို့ဘာတို့က တခြားမပြောနဲ့ဗျာ ကျနော်အလုပ် လုပ်ဖို့လည်း မလွယ်ဘူး စာရေးဖို့လည်း မလွယ်ဘူး။

ကျနော့်နာမည်ကို လူတယောက်ကနေပြီးတော့ ကျနော့်နာမည်နဲ့ပတ်သက်ပြီး သုံးခွင့်မရှိဘူး။ ဆရာဦးဝင်းတင် အကြောင်းဆို ဆရာဦးဝင်းတင်ရဲ့နာမည်ကြီး တလုံး သုံးခွင့်မရှိဘူး အကုန်ဖျက်ပစ်တာဗျ။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်လို့တော့ လူငယ်တွေလုပ်ကြပါ။ ကျနော်တို့တွေ အကြံပေးချင်တယ်။ ကျနော်တို့တွေ ၀ိုင်းဝန်း ကူညီချင်တယ်။ လူငယ်တွေလုပ်တာကို အားပေးချင်တယ်။ လူငယ်တွေလုပ်တာကို ကျနော်တို့ ဖတ်ချင်တယ်။ ဒါပဲ ကျနော်တို့က မျှော်လင့်နိုင်မယ်။ ကျနော်ထင်တယ် ဒါတော့ လုပ်ဖို့ကတော့ မပြောနိုင်ဘူးပေါ့ဗျာ။ လုပ်ဖို့ တာဝန်ကျလာလို့ လုပ်ရမယ်ဆိုတဲ့ ဟာမျိုးဆိုရင်တော့ လုပ်ရမှာပဲပေါ့ဗျာ။ လုပ်စရာလိုတယ်ဆိုရင်၊ လုပ်ခွင့်ရှိတယ်ဆိုရင်တော့ လုပ်မှာပဲ သို့သော် အခြေအနေအရတော့ လူငယ်တွေကိုပဲ အားကိုးပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ ထောင်အတွင်း အနှစ် (၂၀) အတွေ့အကြုံကို တခွန်းတည်း ပြောပါဆိုရင် ဆရာ ဘယ်လိုပြောမလဲခင်ဗျ။
ဖြေ- တခွန်းတည်းပြောရမယ်ဆိုရင်တော့ ကျနော် ငရဲကလွတ်လာတယ်လို့ပဲ ပြောချင်တယ်။ အတိုင်းအတာ တခုအထိ ငရဲပဲ။ ကျနော် ငရဲဘာလို့ ပြောလဲဆိုရင် ကျနော့်ကို နောက်ထပ်သက်သေခံမယ့်လူတွေ၊ နောက်ထပ် မင်းကိုနိုင်တို့ ထပ်ထွက်လာ၊ ဇာဂနာတို့ ထွက်လာ၊ နောက်ထပ်ကျန်တဲ့လူတွေ ထွက်လာရင် ထပ်မေးကြည့်ပါ ဒီလူတွေလည်း ဒီအတိုင်းပြောမှာပဲ။ မစ္စတာပီညဲရိုးတို့ဘာတို့ အပါအ၀င် ၀ိုင်းဝန်းကြိုးပမ်းတဲ့အတွက် ထမင်းလေး တော့ ၀အောင်စားရတယ်တို့၊ ဘာတို့ ရှိသော်ငြားလည်း သူတို့က ပိတ်ထားလှောင်ထား၊ မျက်စိပိတ်ထား နားပိတ်ထား၊ အဆက်သွယ်မလုပ်ရဘာမလုပ်ရ ကျနော်ဆိုရင် နှစ်ပေါင်း (၂၀) က ပိတ်ထားရုံ တင်မကဘူး ဘယ်သူနဲ့ မှတွေ့ရတာမဟုတ်ဘူး သီးခြား နေရာမှာဖြစ်နေတယ်။
ကျနော် ဆိုရင် ကျနော့်အထဲမှာဆိုရင် ကျနော်တို့နဲ့ မဆိုင်တဲ့ကျနော်တို့နဲ့ ဘာမှနိုင်ငံရေးအားဖြင့် ဘာမှ အဆက်အစပ်မရှိဘူးဆိုတဲ့ လူတွေနဲ့ရောထားတာ။ ဒီလူတွေနဲ့ ရန်မဖြစ်အောင်။ စိတ်ထဲမှာ တယောက်နဲ့ တယောက် မနာကြည်းအောင်၊ တယောက်နဲ့ တယောက် အခြေအတင်မဖြစ်အောင် မနည်းလုပ်ယူရတာ။ အဲဒါကြောင့် တခွန်းတည်းပြောရရင် ဒါငရဲပဲဗျ။
(သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိပ်ပိတ်ခံရပြီးနောက် ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ (ဆရာဇင်လင်း၏ ဆောင်းပါးမှ ကောက်နုတ်ချက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၈၉ ခု ဇူလိုင် (၄) ရက်မှ ၂၀၀၈ ခု စက်တင်ဘာ (၂၃) ရက်အထိ အင်းစိန်ထောင်၌ (၁၉) နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည်။ ဦးဝင်းတင်သည် အာဏာရှင် စစ်အစိုးရကို နှလုံးရည်ဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် နာမည်ကြီးပြီး ဦးဝင်းတင်ရေးသားခဲ့သည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသောဆောင်ပုဒ်မှာ လူသိများသည်။)


No comments: