Friday, October 16, 2009

U Win Tin - 2010 Boycott possible

ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင်ဟု
ဦးဝင်းတင် ပြောကြား
NEJ / ၁၆ အောက်တိုဘာ ၂၀၀၉


ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖအနေဖြင့် လုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲဆန့်ကျင်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဥရောပသံတမန်အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။

ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်းမေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ ပြောဆိုဆွေးနွေးတဲ့ထဲမှာ တခုပါတယ်ဗျ။ ခင်ဗျားတို့ဘာလုပ်မှာလဲဆိုတာ ပါတယ်ဗျ။ ရွေးကောက်ပွဲကာလပေါ့ဗျာ။ မကြာခင်မှာ မှတ်ပုံတင်ကိစ္စ ပေါ်လာတော့မယ်၊ ရွေးကောက်ပွဲဥပဒေဆိုတာ ပေါ်မယ်။
နောက်တခုက ရှေ့မှာဘာရှိမလဲဆိုတော့ အခြေခံဥပဒေကို ပြောင်းပေး ပြင်ပေးဆိုတဲ့ လုပ်ငန်းတခုရှိမယ်ပေါ့ဗျာ။ နောက်တခါ အဲဒါပြီးရင်တော့ ရွေးကောက်ပွဲပေါ့” ဟု ပြောသည်။

အထက်ဖော်ပြပါအဆင့်များတွင် ရွေးကောက်ပွဲမတိုင်မီ အကြိုကာလတွင် all inclusive ဆိုသည့်အနေအထားကြောင့် အန်အယ်လ်ဒီကို ဘေးဖယ်ထုတ်ခြင်းမျိုး၊ လက်မခံနိုင်သည့် ပါတီမှတ်ပုံတင်ဥပဒေမျိုး ထုတ်လိမ့်မည်ဟု မယူဆကြောင်း တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

“နောက်တခုက ဒေါ်စုကိုလည်း ရွေးကောက်ပွဲက ဖယ်မထုတ်ကြပါနဲ့၊ all inclusive ဆိုတာဟာ တကမ္ဘာလုံးကအော်နေတဲ့ တောင်းဆိုချက်ဖြစ်နေတဲ့အတွက် ဒေါ်စုကိုလည်း ရွေးကောက်ပွဲမ၀င်နိုင်အောင် အဲလိုစည်းကမ်းဥပဒေမျိုး ပါကောင်းမှ ပါလိမ့်မယ်လို့ ယူဆတယ်ပေါ့ဗျာ။ ဒါဆို နောက်တခုက အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ရောက်မယ်။ သူတို့ကလည်း ကျနော်တို့ တောင်းသလို ပြင်ပေးပါ၊ ဖျက်ပေးပါ၊ ပြောင်းပေးပါတို့ဆိုတာတွေကို သူတို့မလုပ်ဘူးဗျ။ အဲလိုဆို လုပ်စရာလမ်းက ဘာတလမ်းပဲ ရှိသလဲဆိုရင် တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ်ကို အဲဒီကိစ္စတွေတင်ဖို့ပဲ ရှိတော့တယ်။ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိစ္စကို တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ် တင်ဖို့ပဲရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥပေဒေပြောင်းလဲရေး ကိစ္စတခုတည်း၊ အန်အယ်လ်ဒီ၏ကိစ္စတခုတည်း မဟုတ်ဘဲ အမျိုးသားရေးကိစ္စများကို ဆွေးနွေးရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်ရမည်ဟု ဦးဝင်းတင်က ပြောသည်။

တိုင်းရင်းသားကိစ္စများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ကိစ္စများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စများ၊ ပြည်သူလူထုကြား ကြုံတွေ့နေရသည့် မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဥပဒေနှင့်ပိတ်ပင်မှု၊ သတင်းစာလွတ်လပ်မှု စသည့် ရွေးကောက်ပွဲအကြိုကာလတွင် လုပ်ရမည့်ကိစ္စများ ပါဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“သို့သော် အဲဒီကိစ္စတွေကို လုံးဝမစဉ်းစားဘဲ တွေ့ဆုံဆွေးနွေးရေးလည်း မရှိဘဲနဲ့ ရွေးကောက်ပွဲကို အတင်းဇွတ်ဆွဲခေါ်မယ်ဆိုရင် ဆိုပါတော့ဗျာ ကျနော်သုံးတဲ့စကားဆိုရင် ရွေးကောက်ပွဲတင်းကုပ်ကို ကျနော်တို့ကို နဖားကြိုးဆွဲလို့ဖြစ်ဖြစ်၊ မြက်ကျွေးလို့ဖြစ်ဖြစ် အတင်းခေါ်မယ်ဆိုရင်တော့ လူထုကလည်း ခံနိုင်မှာမဟုတ်ဘူး။ ကျနော်တို့လည်း မခံနိုင်ဘူး။ အဲလိုဆိုရင်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ကိစ္စမျိုးတွေ သို့မဟုတ် လူထုအင်အားနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေ ပေါ်လာနိုင်တယ်လို့ ကျနော်တို့ တခုပြောပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်သည့်အနေအထားတွင် မရှိခြင်း၊ တရားဝင်ပါတီအနေဖြင့် ရပ်တည်နိုင်ရေး မနိုင်ရေးကိစ္စများရှိနေခြင်းကြောင့် ရွေးကောက်ပွဲလွန်ကာလတွင်လည်း ပေါ်ပေါက်လာမည့် လွှတ်တော်၊ အသက်ဝင်လာမည့် အခြေခံဥပဒေ စသည်တို့ကို ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများက လက်ခံနိုင်မည့် အနေအထားမရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

“အဲလိုအခါမျိုးမှာလည်း ရွေးကောက်ပွဲအကြိုကာလတုန်းက သပိတ်လက်နက်တို့၊ လူထုဆန္ဒဖော်ထုတ်မှုတို့လို လှုပ်ရှားမှု သဏ္ဌာန်မျိုးနဲ့ ဆန့်ကျင်မှုစတာတွေတော့ ပေါ်နိုင်တယ်လို့ ပြောလိုက်တဲ့အချက်ရှိပါတယ်” ဟု ဦ၀င်းတင်က ပြောသည်။

၎င်းကဆက်လက်ပြီး အန်အယ်လ်ဒီအနေဖြင့် စုစုစည်းစည်းဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မမေ့ဘဲ၊ မစွန့်ပယ်ဘဲ ယင်းရလဒ်ကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

“၁၉၉၀ ရွေးကောက်ပွဲကို မေ့လို့မရဘူး။ ဒါကိုလည်း ကျုပ်တို့က မမေ့နိုင်ဘူး၊ မပစ်ပယ်နိုင်ဘူးဆိုတဲ့ သဘောနဲ့ အဲဒါကို မဏ္ဍိုင်ပြုပြီးတော့ လှုပ်ရှားမယ်လို့ ကျနော်ကတော့ ထင်နေတယ်ဗျ။ ပုံသဏ္ဌာန်အားဖြင့် ကျနော်မှန်းလို့ရတာကတော့ ဆန္ဒပြမှုတွေ၊ သပိတ်တွေ၊ ကန့်ကွက်မှုတွေဟာ ရွေးကောက်ပွဲအကြိုကာလမှာလည်း ပေါ်လာလိမ့်မယ်၊ ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပေါ်လာလိမ့်မယ်လို့တော့ ထင်မြင်မိတယ်။ ဒါကြောင့်လည်း အီးယူကိုပြောတဲ့အထဲမှာ ဒီအချက်ပါပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။


No comments: