သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လွတ်ပြီ
RFA 2008-09-23
မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၉ဝဝ၂ ဦးကို မြန်မာ စစ်အစိုးရက ပြန်လွှတ်ရာမှာ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နှစ်ရှည် နိုင်ငံရေး အကျဉ်းသား အနည်းငယ် ပါဝင်ပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လွှတ်တာဟာ လူမှုရေး စာနာထောက်ထားမှုအပြင် ဒေသအကျိုးနဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ကျင်းပမဲ့ တရားမျှတဲ့ ရွေးကောက်ပွဲမှာ ပါဝင် ထမ်းရွက်ဖို့ ရည်ရွယ်တယ်လို့ စစ်အစိုးရ အာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီလိုပြန်လွှတ်တဲ့ အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင်လည်း ပါဝင်ပါတယ်။ အကျဉ်းထောင်က လွတ်လာလာချင်း ထောင်ဝတ်စုံနဲ့ပဲ ရှိနေသေးတဲ့ ဆရာကြီး ဦးဝင်းတင်က သူ့အနေနဲ့ ဒီမိုကရေစီရတဲ့အထိ နိုင်ငံရေးကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ RFAကို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ကျွန်တော်ကတော့ နိုင်ငံရေးသမားပဲဗျ၊ နိုင်ငံရေး ဆက်လုပ်ရမှာပေါ့။ NLDရဲ့ လက်ရှိအခြေအနေ၊ ရပ်တည်ချက်ရော၊ ဘာရောညာရော ကျွန်တော် သဘောကျနေတယ်။ အဲဒီတော့၊ ကျွန်တော် NLDနဲ့ပဲ လုပ်မှာပဲ၊ ကျွန်တော်တို့ လုပ်မှာကတော့ နိုင်ငံရေး နည်းနဲ့ လုပ်မှာပဲ။ သို့သော် အဲဒီထဲကနေ နိုင်ငံရေးလုပ်တဲ့ဟာက ဒါ အကြမ်းဖက်မှုကို အားပေးတယ်တို့၊ မပေးတယ်တို့ စွဲချက်တွေကတော့ အမျိုးမျိုး ဖြစ်နိုင်တာ။
'ကျွန်တော်ပြောချင်တာကတော့ ကျွန်တော် နိုင်ငံရေးပဲ ဆက်လုပ်မယ်၊ ကျရာနေရာက လုပ်မယ်။ ပေးရာ တာဝန်ကလုပ်မယ်။ '
ထောင်ထဲမှာ ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းတင်က လက်ရှိ စစ်အစိုးရရဲ့ အမျိုးသား ညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်းအခုလို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ဒါပေမဲ့ ဘာပဲ ပြောပြော၊ အမျိုးသား ညီလာခံဆိုတဲ့ concept (အယူအဆ) ကို ကျွန်တော်တို့ မပစ်ပယ်ပါဘူး။ NLDကနေ ဆုံးဖြတ်ထားတဲ့ အယူအဆတခုပဲ။ နောက် အမျိုးသားညီလာခံကနေပြီးတော့ constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ)တခု ရေးဆွဲမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အယူအဆကိုလည်း ကျွန်တော်တို့ ဘာမှ မဆန့်ကျင်ဘူး။ ဘာမှ မကန့်ကွက်ဖူး။ ဒါ ကျွန်တော်တို့ တင်ထားတဲ့ဟာပဲ။ တခုပဲ ရှိတာက ဒီအမျိုးသားညီလာခံမှာ ဒီ constitutionကို ဘယ်သူတွေကနေ လုပ်သလဲ။ ဘယ်သူတွေက ချပေးသလဲ။ '
ဒီကနေ့မှာ ထောင်အသီးသီးက လွှတ်ခဲ့တဲ့ အကျဉ်းသားစာရင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်ပါတယ်။ ဆရာကြီးဦးဝင်းတင်အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဦးအောင်စိုးမြင့်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူခဲ့တဲ့ ဦးဝင်းထိန်တို့ ပါဝင်တယ်လို့ သူတို့ မိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း တွေဆီက တဆင့်သိရပါတယ်။
အလားတူပဲ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သပိတ်ကျင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းလည်း ပြန်လွတ်လာတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။
Tuesday, September 23, 2008
Subscribe to:
Post Comments (Atom)


No comments:
Post a Comment