Wednesday, January 7, 2009

U Win Tin's words on Daw Suu's messages

ဒေါ်စု စကားအတိုင်း ပြတ်သားဖို့ အချိန်တန်ပြီဟု ဦးဝင်းတင်သတိပေး

ဒီဗွီဘီ၊ ၅ ဇန်နဝါရီ ၂ဝဝ၉ ခင်နှင်းထက်

၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့က ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ သတင်းစကား အတိုင်း မြန်မာနိုင်ငံဒီမိုကရစီဖေါ်ဆောင်ရေးအတွက် ပြတ်သားဘို့ အချိန်တန်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။ အခုအချိန်ဟာ အရေးအကြီးဆုံးအချိန်ကို ရောက်ရှိနေပြီး ပြတ်သားမှုမရှိဘဲ တွေဝေနေကြမယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဦးဝင်းတင်က သတိပေးပြောကြားပါတယ်။



ဒေါ်အောင်ဆန်းစုကြည်က ‘တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြပါ’ ဆိုတဲ့ စာတမ်း တခုရေးသားပြီး သူ့ နေအိမ်ရှေ့မှာ ဆိုင်းဘုတ်အသစ် ထပ်တင်လိုက်တဲ့အပေါ် သဘောထား မေးမြန်းစဉ် ဦးဝင်းတင်က ပြောကြားလိုက်တာပါ။

“ဒီနေ့အခြေအနေအရ ကျနော်တို့ ဘာပဲပြောနေနေ ပြတ်သားဖို့ အလွန်လိုတဲ့ အချိန်ပဲဗျ၊ မပြတ်သားလို့ မရတော့ဘူး။ ကျနော်တို့ မပြတ်သားလို့ တွေတွေဝေဝေ၊ ယိမ်းယိမ်းယိုင်ယိုင်၊ ကွဲကွဲပြားပြားဖြစ်နေကြမယ်။ ဒါဆို အလွန်ကို ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ်။ သို့မဟုတ်လို့ရှိရင် ကျနော်တို့ ပိုပြီးတော့ ခက်ခဲ ကြီးမားတဲ့ အကျပ်အတည်းတွေ၊ ပိုမိုပြီး ကြမ်းတမ်းတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရလိမ့်မယ်။

ကျနော်တို့ ဒီလိုပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အခြေအနေက အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ဒီစစ်အစိုးရဟာ၊ ဒီအာဏာယန္တရားကြီးဟာ ဒီနေ့ ကျနော်တို့ရဲ့ မြန်မာ့လူ့ဘောင်၊ မြန်မာ့လူမှု အဖွဲ့အစည်းကို ဘာမှချမ်းသာခွင့် မပေးတော့ဘဲ၊ သက်ညှာခွင့် မပေးတော့ဘဲ၊ လျှော့ပေါ့ခွင့် မပေးတော့ဘဲနဲ့ နင်းကြိတ် တော့မယ့်ဟာ ပြင်နေပြီ ခင်ဗျ။ ဒါ လူတိုင်းသဘောပေါက်ရမယ့် အချက်ပဲခင်ဗျ။

ဒီနှစ်ဟာ သိပ်လျှော့တွက်လို့ မရဘူး ဟုတ်လား။ ဟိုလိုလို ဒီလိုလို ပေါင်ယောင်ယောင် ပေါင်ပေါင် လုပ်လို့မရဘူး။ ကျနော်တို့တွေ မတူတဲ့ သဘောထားတွေ၊ မတူညီတဲ့ ဆန္ဒတွေ၊ မတူတဲ့ အမြင်တွေပေါ်မှာ အခြေပြုပြီးတော့ ကွဲကွဲပြားပြားလည်း လုပ်လို့မရတဲ့ အချိန်ရောက်ပြီ ခင်ဗျ။ အဲဒီ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဖြစ်တဲ့ ပြတ်ပြတ်သားသားလုပ်ကြ ဆိုတဲ့ဟာကို ပြောလိုက်တာဟာ အလွန့်အလွန်ကို အရေးကြီးတဲ့ သဘောထား အကျိုးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ကတော့ ဒီလိုပဲတွက်ချင်၊ ပြောချင်ပါတယ်။

ကျနော်ထပ်ပြီးတော့ တိုက်တွန်းချင်တာက ဒေါ်အောင်ဆန်းစုကြည် စကားမို့လို့ အရေးကြီးတယ်၊ သို့မဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဖြစ်လို့ အရေးကြီးတယ် ဆိုတာမျိုးထက် အခြေအနေအချိန် အခါအရ အလွန့်အလွန်ကို ကိုက်ညီတဲ့ စကားဖြစ်တဲ့အတွက်လည်း အလွန်ကို အဖိုးတန်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ဘာပဲပြောပြော ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း ပြောရမယ်ဆိုရင် ကျနော်တို့ပြတ်သားရမယ့်အချိန်ပဲဗျ။ ပြတ်ပြတ်သားသားလုပ်ကြ ဆိုတဲ့ စကားအညွှန်း ထွက်လာတာဟာ ကျနော်တို့အဖို့ အလွန်ကို မှတ်သားစရာကောင်းပါတယ်။ ဒါကို တိုင်းသူပြည်သားလည်း သဘောပေါက်ရမယ်၊ နိုင်ငံရေးအင်အားစုတွေလည်း သဘောပေါက်ရမယ်၊ လူငယ်အင်အားစုတွေလည်း သဘောပေါက်ရမယ်၊ ဒီမိုကရေစီအင် အားစုတွေလည်း သဘောပေါက်ရမယ်လို့ ကျနော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ကိုက အလွန်အရေးကြီးတဲ့ အချိန်အခါလည်း ရောက်နေပြီ၊ ကျနော်တို့ အလွန်ပြတ်သားရမယ့် အချိန်ခါလည်း ရောက်နေပြီ၊ ကျနော်တို့ဟာ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တွေ ချရမယ့် အချိန်ရောက်နေပြီ။

အဲလို အချိန်မှာ ကျနော်တို့ ရှေ့ဆက်မယ့်လုပ်ငန်းက သာမန်လုပ်ငန်း မဟုတ်တော့ဘူး။ သာမန် ဥပမာ အဖွဲ့အစည်းတခုက သာမန် ဒီကြေညာချက်ထုတ်တာမျိုး၊ အစည်းအဝေးထိုင်ရုံ စကားပြောရမယ့်၊ လုပ်ရမယ့် အခြေအနေမဟုတ်တော့ဘူး။ ကျနော်တို့က အလွန်ခက်ခဲ ကျပ်တည်းတဲ့ အချိန်အခါကို ရင်ဆိုင်နေရပြီ အလွန်ကြီးမားတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေရပြီဆိုတာ သဘောပေါက်ရမယ်။”

ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ဆန္ဒကို ပြည်သူလူထုကို အသိပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါ ပြည်သူလူထုကို တိုက်တွန်းတာပေါ့။ ပြတ်ပြတ်သားသားပေါ့။ အမှန်ကတော့ ပိုမိုပြီးတော့ ခုလို အေးမနေဘဲ ငြိမ်မနေဘဲနဲ့ ပြတ်ပြတ်သားသား၊ ထထကြွကြွ ဆောင်ရွက်ကြပါ၊ ပြောကြ၊ ဆိုကြ၊ လှုပ်ရှားကြပါ ဆိုတဲ့ သဘောပါပဲ။ အမှန်ကတော့ ဒီသဘောကို ပြောတဲ့လူပဲ ဒီလိုပဲ ယူဆပါတယ်။ ဆန္ဒကို ထုတ်ဖေါ်တဲ့သဘောကို ရောက်တာပေါ့။ ဘာလဲဆိုတော့ တရားမဟောနိုင်ဘူး၊ လာ မဟောနိုင်တော့ ဒီလိုလုပ်ရမယ်၊ ဒီလိုကိုင်ရမယ် ဆိုတဲ့သဘောပေါ့။ လှုပ်လှုပ်ရှားရှား လုပ်ရမယ်၊ ပြောကြမယ်၊ ဆိုကြမယ် လှုပ်လှုပ်ရှားရှား လုပ်ရမယ် ဟုတ်လား။ အမှန်က ကြောက်မနေနဲ့ ဆိုတဲ့သဘောမျိုးပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို လေးလေးနက်နက် အဓိပ္ပာယ်ဖွင့်ဆိုပြီး အဖွဲ့ချုပ်ဝင်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် ပြည်သူတရပ်လုံး ပြတ်ပြတ်သားသားနဲ့ ရှေ့တိုးလုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့ ဦးဝင်းတင်က တိုက်တွန်းပါတယ်။

“ဒေါ်စုဆီက စကားသံတွေ ထွက်တဲ့အခါ ကျနော်တို့က အရဆကသအိးပ္ပာယ်တွေ ဖွင့်ရမယ့်ဟာ တွေရှိပါတယ်။ ဥပမာဗျာ ကျနော် ထောင်ကနေ ထွက်လာတဲ့အခါ ကျနော်ကြားဖူးတဲ့ စကားတခုရှိတယ်။ ဘာလဲဆိုတော့ ဒေါ်စုကနေပြီးတော့ အန်အယ်လ်ဒီ ပေါ့ဗျာ။ အန်အယ်လ်ဒီ အလုပ်မှုဆောင်အဖွဲ့ သို့မဟုတ် အန်အယ်လ်ဒီ ခေါင်းဆောင်မှုကို ပြောတယ်တဲ့။ ‘အန်ကယ်တို့ အကယ်၍ ကျမကနေ ရှေ့ကို ရောက်နေရင်လည်း အန်ကယ်တို့ ကျမနောက်က လိုက်ပါ၊ အကယ်၍ အန်ကယ်တို့ ရှေ့က ရောက်နေရင်လည်း ကျမအန်ကယ်တို့ နောက်ကနေ လိုက်ပါ့မယ်’ ဆိုတဲ့ စကားမျိုးပေါ့ဗျာ။ ဒေါ်စုပြောတဲ့ စကားက ဘာပြောလဲ ဆိုတော့ အန်ကယ်တို့ ရှေ့ကိုတိုးကြပါ၊ အန်ကယ်တို့ ရှေ့ကို တိုးသွားတဲ့နောက်ကနေ ကျမလိုက်မယ်။ အဲကျမလည်း ရှေ့ကိုတိုးနေမယ်၊ ကျမ ရှေ့ကို တိုးတဲ့နောက်ကို အန်ကယ်တို့ လိုက်ကြပါလို့ အဲ့လိုဆိုလိုတာဗျ။

ကျနော်တို့ ညီညွှတ်ရေးကို လက်တွဲလုပ်ရေးကိုသာ တိုက်တွန်းတာ မဟုတ်ဘူး၊ ဒေါ်စု တိုက်တွန်းနေတာ ဘာလဲဆိုတော့ ကျမတို့သည် ရှေ့ကိုတိုးကြရမယ် လက်ရှိ ငြိမ်နေတဲ့ဟာမျိုး မဖြစ်နိုင်ဘူး။ အန်ကယ် တို့က ရှေ့ကိုတိုးကြရမယ် လက်ရှိငြိမ်နေတဲ့အနေထားမျိုး မဖြစ်သင့်ဘူးလို့ အဲ့လိုပြော တယ်လို့ ကျနော်အဓိပ္ပာယ်ပေါက်တယ်ခင်ဗျ။ ရှေ့တိုးတာဆို ဘယ်လိုဟာမျိုးကို ရှေ့တိုးမှာလည်း ဆိုတဲ့အခါကျတော့ အဓိပ္ပာယ်ရှင်းရှင်းလေးပဲ။ ဗမာပြည်မှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့၊ ဒီမိုကရေစီလမ်း ကြောင်းကြီးကို ကျနော်တို့ချီနိုင်ဖို့၊ ဒီမိုကရေစီလူ့ဘောင်သစ် ပေါ်ပေါက်လာဖို့အတွက် ရှေ့တိုးရမယ်။

နောက်တခုက ဒီနေ့တိုင်းပြည်ကို နှိပ်ကွပ်နေတဲ့၊ တိုင်းပြည်ကို ဖိနှိပ်နေတဲ့၊ တိုင်းပြည်ကို ချုပ်ချယ်နေတဲ့၊ တိုင်းပြည်ကို လည်ပင်းညှစ်နေတဲ့ စစ်အာဏာ ယန္တရားကြီး ဖြိုဖျက်ရေးအတွက် ကျနော်တို့ ရှေ့ကိုတိုးရမယ်လို့ အဲလိုပဲ အဓိပ္ပာယ်ဖွင့်တယ်ဗျ။ ဒါကျနော် ဒေါ်စုစကားတွေနဲ့ ပတ်သက်တဲ့ ကျနော့်ရဲ့ ခံယူချက်၊ တုံ့ပြန်ချက်၊ နားလည်ချက်ပေါ့ဗျာ။ ဒီနေ့ ဒေါ်စုပြောခဲ့တဲ့ စကားအတိုင်းပဲ ကျနော်ကတော့ ကျနော်လည်း ပြတ်ပြတ်သားသားလုပ်ဖို့ကို ဒီနေ့ကျနော် သံန္နိဋ္ဌာန်ချတယ်။

မနေ့က လွတ်လပ်ရေးနေ့ပေါ့ဗျာ။ ကျနော်ကြားတဲ့ အချိန်မှာ အလားတူပဲ ကျနော်တို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်များ၊ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ ပုဂ္ဂိုလ်များကို မနေ့က တနေ့လုံး ကျနော် ဒီစကားပဲ တိုက်တွန်းစကား ပြောကြားခဲ့ပါတယ်။ ဒီဟာကို တိုင်းသူပြည်သား တရပ်လုံးကိုလည်း ကျနော်ဆက်ပြီးတော့ တိုက်တွန်းချင်ပါတယ်။ ဒေါ်စုစကားအတိုင်းပဲ၊ ကျနော်တို့တွေ ရှေ့ကို တိုးကြစို့၊ ရှေ့ကို တက်ကြစို့၊ ငြိမ်မနေပါနဲ့၊ ရှေ့ကို တက်ပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်။”

ဒေါ် အောင်ဆန်းစုကြည်ဟာ မနှစ်က မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ ကလည်း အလားတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တခုကို ရေးသားပြီး ဆိုင်းဘုတ်တင် ချိတ်ဆွဲခဲ့ပါတယ်။ အဲဒါကတော့ ‘ပြည်သူကို ဘယ်သောအခါမှ တပတ်မရိုက်ခဲ့’ ဆိုတဲ့ ပြောဆိုချက် ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီနဲ့အတူ ရေးသား ချိတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အရင်က ချိတ်ဆွဲထားတဲ့ စာတမ်းကတော့ ‘စုပေါင်းလုပ်မှ အောင်မြင်မည်’ ဆိုတဲ့ စာတမ်းဖြစ်ပြီး မနှစ်က ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာ ရေးသား ချိတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။


No comments: