Wednesday, January 7, 2009

U Win Tin on the road

နိုင်ငံရေးအကျဉ်းသား မိသားစုများကို ဦးဝင်းတင်တွေ့ဆုံအားပေး
RFA 2009-01-07

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ စစ်အစိုးရဲ့ အကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု နေအိမ်တွေကို သွားပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီနေမှုတွေ ပေးနေရာမှာ ဇန်နဝါရီ ၅ ရက် နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်က နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးရဲ့ မိသားစုနဲ့ တခြား နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ မိသားစုတွေဆီ သွားရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီလို သွားရောက်အားပေးတာကို အာဏာပိုင်တွေဘက်ကလဲ မော်တော်ဆိုင်ကယ်တွေနဲ့ နောက်ကနေ လိုက်ကြည့်တာ၊ ဦးဝင်းတင် ပြန်သွားတဲ့အခါ သူသွားတွေ့ခဲ့တဲ့ မိသားစုတွေကို မေးမြန်းတာမျိုးတွေ ရှိတယ်လို့လဲ သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာကြီး ဦးဝင်းတင်က RFA ကို ခုလို ပြောပြခဲ့ပါတယ်။


ဦးဝင်းတင်။ ။ ' ကျနောာ် ဒါ ထောင်ထဲမှာ ကျခံလာခဲ့ရတဲ့ စာနာတဲ့ ဘဝတူချင်းဆိုပြီးတော့ သွားအားပေးတာပဲ။ ကျနော်ာ့မှာလည်း အလွန်ပင်ပန်းတဲ့ဟာ တချို့နေရာတွေမှာ ငါးထပ်တိုက်လိုဟာမျိုး တနေ့တည်းတင် နှစ်ခါလောက် တက်ရတယ်။ ဒီလုပ်ငန်းတွေ လုပ်နေတာဟာ လူတွေမှာ သိပ်ဒုက္ခရောက်လို့။ ဒီနေ့တောင်မှ ကျနော် ကြည့်မြင်တိုင်သွားတယ်ဗျာ၊ မြောက်ဥက္ကလာပ သွားတယ်။ မော်တော်ဆိုင်ကယ်ကိုးစီး လိုက်တယ်။ ကိုးစီး လိုက်တဲ့အခါကျတော့ ရပ်ကွက်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ရော၊ ဟိုကထွက်ကြည့် ဒီက ထွက်ကြည့်၊ ဆိုင်ကလေးတွေ ဘာတွေက တချို့ သိမ်းတဲ့လူသိမ်း ဖြစ်ကုန်ရော။ ဘာဖြစ်လို့လဲ၊ သူတို့ကြောင့် ဖြစ်တာ။ ကျနော်က ကျနော့်ဟာ ကျနော်သွားတာ။

ဥပမာဆိုပါတော့၊ နီလုံဦးဆိုတဲ့ ကဗျာဆရာဗျာ၊ စာပေလောကသားဆိုတော့ တခါတလေ NLD လူငယ် တယောက်နှစ်ယောက်နဲ့ သွားတယ်။ သို့မဟုတ်လည်း ရပ်ခံရွာခံ လူတယောက်နှစ်ယောက်နဲ့ သွားတယ်။ ဒါပဲဗျ၊ ကျနော်တို့ လူသားပီပီ လူသားလို ဆက်ဆံပြီး လုပ်နေတဲ့ ကိစ္စတွေဗျ။ အဲဒါတွေကိုပါ လိုက်ပြီးတော့ နှောင့်ယှက်၊ ခြိမ်းခြောက်၊ ဟုတ်လား၊ အခုဆိုရင် တချို့အိမ်တွေက မိသားစုထဲမှာ ဝန်ထမ်းရှိတယ်ဗျာ၊ အဲဒီတော့ ကျနော်တို့ လာတာတောင်မှ သူတို့မှာ ကြောက်လန့်နေရမလို ဖြစ်နေတဲ့အခါကျတော့ ဘယ်ကောင်းတော့မလဲ။ '

'ကျနော့်ကို ဟိုလူက လုံချည်ပေး၊ ဒီလူကအဝတ်ပေး၊ မျက်နှာသုတ်ပုဝါပေး၊ ဒါတွေလည်း ကျနော် ထောင်ထဲပဲ ပြန်ပို့နေတယ်ဗျာ။ နောက်တခုက ကျနော် ဥပမာဆိုတော့၊ တတ်နိုင်တဲ့ ငွေကြေးဘာညာဆိုတာလေး သုံးစွဲပြီးတော့ သူတို့ကို စားစရာသောက်စရာတွေ ဝယ်ပေးနေတယ်ဗျာ။
ဒါတွေ အကုန်လုံးက ကျနော် ရှင်းရှင်းပြောရရင် ကျနော့်ကို လူတွေက ခင်ဗျား အသက်ကြီးပြီ၊ ကျနော့်အပေါ်မှာ စေတနာထားတဲ့ ကျနော့် ရိုးရိုး မိတ်ဆွေတွေကနေပြီးတော့ ပေးကမ်းနေတဲ့ဟာတွေ ရှိတယ်။ ခင်ဗျား တက္ကစီနဲ့သွား၊ ခင်ဗျား အသက်ကြီးပြီ၊ ဘတ်စ်ကားပေါ် သွားလို့ရှိရင် တော်ကြာ ဦးအေးသာအောင်လို ဟုတ်လား၊ ဟို ဘာဆိုတဲ့လူက မသိပါဘူးဗျာ၊ ကန်ချတယ်ဆိုတဲ့ သတင်းတွေရှိတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ ခင်ဗျား တက္ကစီစီးတာတောင် တယောက်တည်း မစီးပါနဲ့လို့ ပြောပြီးတော့ ကျနော့်ကို တက္ကစီဖိုး ပေးတယ်။

ကျနော်အခု ဘတ်စ်ကားစီးနေတယ်ဗျ။ ဘတ်စ်ကားကျတော့ ၂ဝဝလောက်နဲ့ မြို့ထဲရောက်တယ်။ တက္ကစီနဲ့ သွားမယ်ဆိုလို့ရှိရင် ၃,ဝဝဝလောက် ကုန်တယ်ဗျာ။ အသွားအပြန်ဆိုရင် ၄-၅-၆ထောင်လောက် ကုန်နိုင်တယ်။ ကျနော်ဒါတွေကို save လုပ်ပြီးတော့ ပိုတဲ့လျှံတဲ့ငွေတွေကို ကျနော် ပြန်ပြီးတော့ ဒီလူတွေကို ပေးလှူနေတာပဲဗျ။ '

အခုလို နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို အားပေးတာဟာ နိုင်ငံရေးအရ စည်းရုံးရေးဆင်းတာမဟုတ်ပဲ လူမှုရေးအရ စာနာထောက်ထားမှုတွေနဲ့ ဆောင်ရွက်တာဖြစ်ပြီး ဒီကိစ္စတွေကို ၁၉၆ဝလောက် ခေတ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လဲ ဆရာကြီးဦးဝင်းတင်က ပြောပါတယ်။


No comments: