Saturday, January 10, 2009

review the constituition first

အခြေခံဥပဒေကို မပြင်မချင်း ရွေးကောက်ပွဲကိစ္စ မစဉ်းစားဟု ဦးဝင်းတင် ပြောကြား
ထက်အောင်ကျော် ၈ ဇန်နဝါရီ ၂ဝဝ၉ ဒီဗွီဘီ -

လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရင်ဆုံး ပြန်ပြင်ပေးမှပဲ ရွေးကောက် ပွဲကိစ္စကို စဉ်းစားမယ်ဆိုတဲ့ သဘောထားကို မပြောင်းလဲဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားပါတယ်။

နအဖ စစ်အစိုးရက အခြေခံဥပဒေသစ်ကို မနှစ်က အတည်ပြုလိုက်ပြီး စီမံနေတဲ့ ၂ဝ၁ဝ ရွေး ကောက်ပွဲကို နိုင်ငံရေး အဖွဲ့သစ်တချို့က ဝင်ရောက် အရွေးခံမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဦးဝင်းတင်ကို မေးမြန်းတဲ့အခါ ဒီလို ဖြေကြားတာ ဖြစ်ပါတယ်။

“ဒီကွန်စတီကျူးရှင်းကိစ္စအပေါ်မှာ ကျနော်တို့ ဒီသဘောထား မပြတ်မချင်း၊ ကျနော်တို့ရဲ့ လက်ခံနိုင်တဲ့ အနေအထား မရှိမချင်း၊ ရွေးကောက်ပွဲဆိုတာ ကျနော်တို့ ခေါင်းထဲမှာ ဘာမှမရှိဘူးဗျ။ စဉ်းကို မစဉ်း စားဘူး။ စကားထဲကို ထည့်မပြောဘူးဗျ။”

အတုအယောင် အမျိုးသား ညီလာခံကနေ ပေါ်ပေါက်လာတဲ့ အခြေခံဥပဒေကို လက်မခံတာကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မစဉ်းစားတာလို့ ဦးဝင်းတင်က ရှင်းပြပါတယ်။

“ဒီ ကွန်စတီကျူးရှင်းကို ကျနော် အယုံအကြည်မရှိဘူး၊ ဒီ ကွန်စတီကျူးရှင်းတင် မဟုတ်ဘူး၊ ဒီ ကွန်စတီကျူးရှင်းကို မွေးဖွားပေးလိုက်တဲ့ သူတို့ စစ်အစိုးရရဲ့ အရေခြုံပေါ့ဗျာ - သို့မဟုတ်လည်း ရွှေရည်စိမ် အ တုအယောင် အမျိုးသားညီလာခံဆိုတာကိုလည်း ကျနော် ပစ်ပယ်တယ်။”

ဒီသဘောထားကိုပဲ အင်းစိန်ထောင်မှာ အကျဉ်းကျနေစဉ်ကာလ ၁၉၉၃ မှာ ဆုံတွေ့ခဲ့တဲ့ အမေရိ ကန် ကွန်ဂရက်အမတ် ဘီလ်ရစ်ချတ်ဆန် အပါအဝင် ပုဂ္ဂိုလ်များကို ပြောခဲ့ပြီးသားလို့လည်း ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်သုံးတဲ့စကား အင်္ဂလိပ်စကားဆိုရင်ီငျဘညေိ ဖျက်သိမ်းရမယ်လို့တောင် ပြောတယ်။ အဲ့ဒီလိုညီလာခံကအစ ကျနော် လက်မခံဘူး၊ အဲ့ဒီညီလာခံက ပေါက်ဖွားလာတဲ့ ကွန်စတီကျူးရှင်း ဆိုတာ ကိုလည်း ကျနော်လက်မခံဘူး။ အဲ့ဒီအတွက် ကျနော့်ကိုတော့ ဘာမှ ကျန်တဲ့စကားကို ပြောစရာမလိုဘူး။ ရွေးကောက်ပွဲတို့ဘာတို့ ကျနော်ခေါင်းထဲမှာ ဒီနေ့အထိ မစဉ်းစားဘူး။ - ပြည်သူ့ဆန္ဒခံယူပွဲတို့ဆိုတာ လုပ်ပြီးသော်ငြားလည်း ဒါ အတည်မဖြစ်သေးဘူးဗျ၊ အတည်မဖြစ်သေးဘူး။ အတည်ဖြစ်မှာက လွှတ်တော်တွေဘာတို့ ခေါ်ပြီးတဲ့အချိန်ကျမှ အတည်ဖြစ်မှာ။”

နအဖစစ်အစိုးရကိုလည်း “အတည်မဖြစ်သေးတဲ့ ကွန်စတီကျူးရှင်းကို တိုင်းပြည်ကလည်း မကြိုက် ပါဘူး၊ ကျနော်တို့ကလည်း မကြိုက်ပါဘူး၊ ကမ္ဘာကလည်း မကြိုက်ပါဘူး၊ အဲ့ဒီလိုအနေအထားမျိုးမှာ ခင်ဗျားတို့ ဒါကို ပြန်ပြီးတော့ ကျနော်တို့ သုံးသပ်နိုင်အောင် ပြင်ဆင်ရေးဆွဲနိုင်အောင် လုပ်ပါ” လို့ ကမ်းလှမ်း ထားပြီး ဖြစ်ပေမယ့် အခုထိ မတုံ့ပြန်သေးဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ခံယူချက်သဘောထားကိုလည်း ဦးဝင်းတင်က ရှင်းပြပါတယ်။

“ဒီမိုကရေစီပန်းတိုင်ကို ချီတက်တဲ့အခါမှာ အများပြည်သူဆန္ဒကို ခံယူတဲ့ ခံယူနိုင်တဲ့ ရွေးကောက်ပွဲ မျိုးကို ကျော်ဖြတ်ရမယ်ဆိုတာ အင်မတန် သဘာဝကျတဲ့ အနေထားပဲဗျာ။ ကျနော်တို့ ရွေးကောက်ပွဲကို ငြင်းဆန်နေတာ မဟုတ်ဘူး။ ကျနော်တို့ ပြောနေတာက စစ်အခြေခံဥပဒေမျိုး - တိုင်းပြည်ကို စစ်ကျွန်ဇာတ် သွင်းမယ့် အခြေခံဥပဒေမျိုးက ပေါက်ပွားလာမယ့် ရွေးကောက်ပွဲမျိုးကိုတော့ ကျနော်တို့မဝင်နိုင်ဘူး၊ ဒါကို ကျနော်တို့ ပြောနေတာ။ “သိမ်းကျူံးပြီးတော့ ရွေးကောက်ပွဲမှန်သမျှ ဆန့်ကျင်ကြ ဆိုတဲ့ဟာမျိုး ကြွေးကြော်နေတာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုဖြစ်ဖြစ် ဒီတိုင်းပြည်ကို စစ်ကျွန်ဇာတ်သွင်းမယ့် အခြေခံ ဥပဒေကနေ ပေါက်ဖွားလာမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကျနော်တို့က ဒါကို ထည့်မစဉ်းစားတာ။

နှစ်ရှည်ထောင်ဒဏ်ကျသွားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို သွားရောက် အားပေးတာ၊ အဖွဲ့ချုပ်စည်ရုံးရေး စတဲ့လှုပ်ရှားမှုတွေကို အလေးထားဆောင်ရွက်နေတယ်လို့ ဦးဝင်းတင်က ဖြည့်စွက် ပြောကြားပါတယ်။

၁၉ နှစ်ကျော် ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်ဟာ လွန်ခဲ့တဲ့ စက်တင်ဘာ မှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ပါတီတာဝန်တွေ ပြန်လည် ထမ်းရွက်နေပါ တယ်။



No comments: